myaelatt athan

Sharing Information to the Local

ဝမ်ပေါင်တရုတ်စီမံကိန်းက ကြေးနီတွေကို ရေကြောင်းက ပြောင်းသယ်နေ

0 29
0 29

မြေလတ်အသံ၊ ဇူလိုင် ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်း တရုတ်ကုမ္ပဏီ ၁ ခုဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီတွေကို ချင်းတွင်းမြစ်ကြောင်းကနေ ပြောင်းလဲသယ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၃၀ ရက်ကစပြီး ဖလပ်ခွန် ၂ စီးနဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေပေါ်ကိုသယ်ယူနေတာဖြစ်ပြီး သယ်ယူနေချိန်မှာ ကုန်းကြောင်းဘက်မှာ လုံခြုံရေးချထားသလို စက်တပ်လေထီးတွေနဲ့လည်း ကင်းယူပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

“ကြေးသယ်တာ ၃ ရက်ရှိပြီ၊ လက်ပံတောင်းတောင်ခြံစည်းရိုးကနေ ဇက်ဆိပ်အထိ စစ်သား၊ရဲသားတွေ ကင်းယူထားတယ်ဗျ။ ခရီးသွားဆိုင်ကယ်တွေ၊ကားတွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ သူတို့ကို ကြောက်တော့ အသွားအလာတောင် သိပ်မလုပ်ကြဘူး”လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

ဓာတ်ပုံ – AKZ (Salingyi)

သင်္ဘောတွေဟာ ကုမ္ပဏီအတွက် ကြေးပြားထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဒိုင်လုရင့်နဲ့ အခြားပစ္စည်း တွေကိုသယ်ဆောင်လာပြီး အပြန်မှာကြေးနီတွေကို သယ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကကြေးနီပြားတွေကို ၁၂ ဘီးကား ၆ စီးဝန်းကျင်တွေနဲ့ ထန်းတောဇက်ဆိပ်ကိုပို့ကာ အဲ့ဒီကတဆင့် ဖလက်ခွန်မော်တော် ၂ စီးနဲ့ ချောင်းပေါက်ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ စစ်ကောင်စီသင်္ဘောပေါ်ကို ဇူလိုင် ၂ ရက် ဒီနေ့အထိ ခေါက်တုံ့ခေါက်ပြန် သယ်ယူတင်ဆောင်နေတာလို့ ဆိုပါတယ်။

ထန်းတောဇက်ဆိပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ခြံစည်းရိုးဟာ ၁ မိုင်ဝန်းကျင်သာကွာဝေးပြီး စားနပ်ရိက္ခာတွေကိုလည်း အဆိုပါလမ်းကြောင်းကနေ သယ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – AKZ (Salingyi)

ယခုလို ရေကြောင်းနဲ့သယ်ယူတာဟာ ကုမ္ပဏီအတွက် သယ်ယူစရိတ်ကုန်ကျမှုများပေမယ့် ကုန်းကြောင်းလောက်အန္တရယ်မများဘဲ လွယ်ကူစွာသယ်ယူနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယခင်ကြေးနီတွေသယ်ယူရာမှာ ကုန်းကြောင်းကနေသယ်ယူလေ့ရှိပြီး သယ်ယူချိန်မှာလည်း လမ်းပိုင်းတွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးယူတာတွေရှိပေမယ့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မြောက်ယမားရွာတဝိုက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းမှ ကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၇ ရက်ကလည်း အထက်ပါစစ်ကောင်စီတပ်တွေလိုက်ပါလာတဲ့သင်္ဘောတွေ ဆားလင်းကြီး မြို့နယ်ထဲကိုဝင်လာချိန်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သိုက်ထွန်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။