စဥ့်ကူး၊ ဇွန် ၂၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်မှာ ဗုံးကြဲခံရလို့ နေအိမ်ထဲရှိနေတဲ့ အမျိုးသမီးတဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ စဥ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ခန့်အရွယ်ရှိ မခင်မျိုးဆန်းဆိုသူဖြစ်ပြီး ဇွန် ၂၉ ရက်နေ့လယ် ၁၂ နာရီခန့်က နေအိမ်မှာရှိနေချိန် စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေကြဲချတဲ့ ဗုံးမှန်ကာ သေဆုံးသွားတာဖြစ်ပြီး နေအိမ် ၃ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


“ပေါင် ၃၀၀ ဗုံး ၁ လုံးနဲ့ချတာ။ မခင်မျိုးစန်းက လမ်းမသွားနိုင်လို့ ခြေထောက်က ကျောက်ပတ်တီး စည်းထားရတာ။ နေအိမ်မှာရှိနေတဲ့အချိန်မှာ ဗုံးကသူ့ဘေးကိုတည့်တည့်ကျတာ။ အသားစအချို့နဲ့ အရိုး နည်းနည်းလောက်ဘဲပြန်ရတယ်”လို့ စဥ့်ကူးမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက ပြောပါတယ်။
စစ်ကောင်စီဘက်က ဗုံးလာကြဲခဲ့တဲ့ လက်ပန်လှကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ကျေးရွာထဲမှာနေထိုင်တာမရှိဘူးလို့ သိရပါတယ်။


ဇွန် ၂၂ ရက်ညပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ ယက္ကန်းစင်တောင်ကျေးရွာရှိ ပါချုပ်ဆရာတော် တည်ထောင်ပေးထားတဲ့ မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီဘက်က ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း