စစ်ကိုင်း၊ ဇွန် ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ဇွန် ၂၈ ရက်ကဖြစ်ခဲ့တဲ့စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအတွင်း Acid တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၁ ဦး ဆေးကုသမှုခံနေရတယ်လို့ Acid သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ကျဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် တပ်ဖွဲ့ဝင်အာနိုး (ခ) ဝေယံထက်ဖြစ်ပြီး ရှေ့တန်းမှာ အပြန်အလှန် ပစ်ခတ်နေချိန် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာက ဦးခေါင်းထိမှန်ပြီးကျဆုံးခဲ့တာလို့ ဆိုပါတယ်။


“သူမကျဆုံးခင် မြေပြင်တိုက်ပွဲတွေမှာအပြင် လက်နက်ကြီး၊ လက်နက်ငယ် ထုတ်လုပ်ရေးတွေကို စွမ်းတမံကြိုးစားပြီးတော့ ပါဝင်ခဲ့တယ်၊ ရဲဘော်က အိမ်ထောင်သည်ပါ၊ သူ့ဇနီးနဲ့ မိသားစုတွေလည်း ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတယ်”လို့ Acid တပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
သူ့ရဲ့စျာပနကို ဒီနေ့ဇွန် ၂၉ ရက်က စစ်ကိုင်းတိုင်းအတွင်းမှာပဲပြုလုပ်ပေးခဲ့ပြီး ဒေသခံတွေ၊ Acid တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်အဖွဲ့ဝင်တွေက လိုက်ပါပို့ဆောင်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ပြီးနောက်အရိုးပြာ ကောက်ယူထားပြီး အုတ်ဂူတည်ကာ အာဇာနည်ကုန်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။


တပ်ဖွဲ့ဝင်အာနိုးဟာ တိုက်ပွဲအတွင်း Acid တပ်ဖွဲ့ရဲ့ပထမဦးဆုံးကျဆုံးတဲ့တပ်ဖွဲ့ဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။
စာတည်း – လင်း