myaelatt athan

Sharing Information to the Local

သစ်ခိုးထုတ်တာကို PDF က တားလို့ PDF စခန်းကိုလိုက်ပြခဲ့တဲ့ရာအိမ်မှူး ပစ်သတ်ခံရ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာအုပ်စု၊ ကျွန်းကုန်း‌‌ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ဖေဖော်ဝါရီလ ၁၃ ရက်မနေ့ကမနက် ၈ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပစ်သတ်ခံရတဲ့သူဟာ စစ်ကောင်စီခန့်ရာအိမ်မှူး စိုးနိုင် ဆိုသူဖြစ်ပြီး၊ သူဟာ ဒေသတွင်းသစ်ခိုးထုတ်နေသူတဦးလည်း ဖြစ်ကာ ခုလိုလုပ်နေတာကို မင်းလှ PDF က တားမြစ်ခဲ့လို့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး PDF စခန်းတည်နေရာကို လိုက်လံပြသခဲ့တာကြောင့်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

”သူက ဒလန်ထက်ဆိုးတယ် သစ္စာဖောက်ပေါ့။ အရင်က မင်းလှ PDF စခန်းကို အဝင်အထွက်ရှိတယ်။ PDF စခန်းကို သူလိုက်ပြလို့ စခန်းအစီးခံရတုန်းက ကျသွားတဲ့ ရဲဘော်ရိုးမက သူနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်၊ အဲ့တာကြောင့်လည်း သူ့ကို ဝင်၊ထွက်ခွင့်ပေးထားတာ။ သူသစ်ခိုးထုတ်တာတွေအရမ်းများလာလို့ PDF ကတားတာ၊ အဲ့ဒါကိုမကျေနပ်လို့ စစ်ကောင်စီနဲ့သွားပေါင်းပြီး PDF စခန်းကိုလိုက်ပြတာ။ အဲ့ဒီ စခန်းသိမ်းခံရပြီးနောက်ပိုင်းမှ သူ့ကိုရာအိမ်မှူးခန့်ပြီး သစ်ခိုးထုတ်ခွင့်ပေးထားတာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအားကိုးနဲ့ ဒေသခံတွေကို ခြိမ်းခြောက်ဆဲဆိုကြိမ်းမောင်းပြီး ဖိနှိပ်တာတွေ လုပ်ဆောင်နေတဲ့အပြင် သူ့ကြောင့် ကျွန်းကုန်းရွာခံအများအပြားလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်ည ၁၁ နာရီခွဲလောက်မှာလည်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ၊ ဖဲဝိုင်းတခုမှာ အသက် ၅၀ နှစ်အရွယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုထွန်းဝင်းဆိုသူကို သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ခွဲ(၃)နဲ့ မင်းလှ PDF ရဲဘော်တွေက နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။