ဒလန်အိမ်မှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးဟုဆို

0 13
0 13

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဒလန်လို့လူသိများသူ မင်းသိုက်ရဲ့နေအိမ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့လည် ၃ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အင်အား၂၀ ကျော်နဲ့တပ်စွဲထားတဲ့ အဲ့ဒီစစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာလို့ Royal Tiger Guelliria Force ရဲ့ ခေါင်းဆောင်ကပြောပါတယ်။

“ကျနော်တို့တိုက်ခိုက်တဲ့အချိန်မှာ စကစတွေရဲ့ ဘန်ကာထဲကို ကျသွားတာ။ အဲဒီအချိန်မှာဘဲ နေရာမှာတင် ၂ကောင်ပွဲချင်းပြီးသေတာ။ ၁ ကောင်ကတော့ ဆေးရုံကိုပို့လိုက်တယ်။ အခုလို သေဆုံး၊ဒဏ်ရာရတာကို ဒရုန်းကင်မရာကနေမြင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာ”လို့ ဆိုပါတယ်။

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါ မင်းသိုက်ရဲ့ တိုက်နေအိမ်ထဲမှာ စစ်ကောင်စီတွေတပ်စွဲနေတာ ၁ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ပြည်သူတွေကိုဒုက္ခတွေအမျိုးမျိုး ပေးနေတာကြောင့် အဲဒီနေရာကိုပဲ Royal Tiger Guelliria Force အဖွဲ့က တိုက်ခိုက်တာ ၁၀ ကြိမ်ထက်မနည်းရှိပြီလို့ ဆိုပါတယ်။

“စကစတွေက အိမ်ထဲမှာ ဘန်ကာတွေနဲ့ ခိုင်ခိုင် မာမာတပ်စွဲထားတာ။ ပြီးတော့ ဒီကောင်တွေက လမ်းသားလမ်းလာပြည်သူတွေကို အမြဲတမ်းလိုလိုစစ်ဆေးတယ်။ ပိုက်ဆံတွေတောင်းနေတာ။ ကျနော်တို့အကြိမ်ကြိမ် တိုက်ခိုက်ပေမယ့်လည်း ဒီနေရာကိုမစွန့်ခွာကြဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာလည်း အဲ့ဒီနေရာကိုပဲ Royal Tiger Guelliria Force ကတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။