myaelatt athan

Sharing Information to the Local

⁨၅ နှစ်မိန်းကလေးသေဆုံးအောင် အဓမ္မပြုကျင့်၊ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မွေးစားမိဘတွေကို ထောင်ဒဏ်တသက်နဲ့ ၂၇ နှစ် ချမှတ် (ရုပ်/သံ)

အုတ်တွင်း၊ ဇွန် ၂၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ၅ နှစ်အရွယ်မိန်းကလေးကို သေဆုံးအောင် အဓမ္မပြုကျင့်ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မွေးစားမိဘလင်မယားကို ထောင်ဒဏ်တသက်နဲ့ ၂၇ နှစ် ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အထက်ပါမိန်းကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ တင်ဇော်ဝင်းကို မုဒိန်းမှုပုဒ်မ ၃၇၆(၃) အရ ထောင်ဒဏ်တသက်လွတ်ရက်မရှိ၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆(၃) အရ ထောင်ဒဏ် ၂၀ နှစ်၊ ပုဒ်မ ၃၂၅(၃) အရ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၂၇ နှစ်(သီးခြားစီကျခံစေရန်)၊ ဇနီးဖြစ်သူ မပိုပိုချစ်ကိုတော့ ပုဒ်မ ၃၂၆ (၃)အရ ထောင်ဒဏ် ၂၀ နှစ်၊ ပုဒ်မ ၃၂၅ (၃)အရ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၂၇ နှစ် (သီးခြားစီကျခံစေရန်) တောင်ငူခရိုင်တရားရုံးက အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

” ဒီနေ့အပြီးသတ်အမိန့်ချတယ်။ သီးခြားကျခံစေဆိုတာက ဥပမာ တသက်တကျွန်းပါတဲ့သူဆို ၂၇ နှစ်ကို အရင်ကျခံပြီးမှ တသက်တကျွန်းပေါ့။ လောလောဆယ်တော့ သူတို့တောင်ငူထောင်မှာပဲ” လို့ တရားရုံးနဲ့ နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဓမ္မပြုကျင့်ညှင်းပန်းနှိပ်စက်ခဲ့ပြီး သေဆုံးသွားတဲ့ကလေးငယ်ဟာ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုကဖြစ်ပြီး တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူမပိုပိုချစ်တို့က ၂၀၂၃ ကစတင်ကာ မွေးစားခဲ့ပြီးနောက် ၂၀၂၄ ဩဂုတ်လ နောက်ဆုံးအပတ်မှာ မွေးစားဖခင်ဖြစ်သူက ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားအဓမ္မပြုကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့သလို ညှင်းပန်းနှိပ်စက်ရာမှာလည်း ဇနီးဖြစ်သူ မပိုပိုချစ် လည်း ပါဝင်ခဲ့ပါတယ်။

ညှင်းပန်းနှိပ်စက် အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး မွေးစားမိဘတွေကို ကလေးငယ်ရဲ့အဘိုးဖြစ်သူက အုတ်တွင်းမြို့မရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ၂၀၂၄ စက်တင်ဘာ ၂၆ ရက်မှာ ၎င်းတို့နေထိုင်ရာကျေးရွာကနေ ရဲက သွားရောက်ဖမ်းဆီးခဲ့ကာ မုဒိန်းမှု၊ အပြင်းအထန်နာကျင်စေမှုပုဒ်မတွေနဲ့ အမှုဖွင့်ထားခဲ့တာပါ။

ကလေးငယ်ဟာ မွေးစားမိဘတွေရဲ့ အဓမ္မပြုကျင့်တာအပြင် ရေနွေးပူနဲ့လောင်းတာ၊ လက်သီးဖြင့်ထိုးတာတွေအပါ နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေကြောင့် ခန္ဓာကိုယ်ပြင်ပဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာတွေနဲ့ တောင်ငူဆေးရုံမှာ ၄ ကြိမ်တက်ရောက် ဆေးကုသခံခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီကျော်မှာ တောင်ငူဆေးရုံမှာပဲ ဆေးကုသရင်း သေဆုံးသွားခဲ့ကာ သေဆုံးရခြင်းမှာ အဆုတ်ရောင်၊ အသည်းမကောင်း၊ ကိုယ်ခန္ဓာအားနည်းမှုတွေကြောင့်ဖြစ်ကြောင်း မှုခင်းဆရာဝန်သုံးသပ်ချက်အရ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။