ဆားလင်းကြီးအခြေစိုက် PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့

0 3
0 3

ဆားလင်းကြီး၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ Myanmar Revolution Army စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့တာကြောင့် စခန်းပျက်စီးကာ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေအပါ ကျပ်သိန်း ၂၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စခန်းကို အင်အား ၈၀ လောက်ရှိတဲ့ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းက ဖေဖေါ်ဝါရီလ ၇ ရက်မနက် ၁၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ Myanmar Revolution Army – MRA. ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပုံစံက လမ်းပြပါမယ် ထင်တယ်။ ကျနော်တို့ကလည်း မိုင်းတွေက အသင့်ထောင်ထားတာမှာ မိုင်း ၆ လုံးက ကွဲတယ်။ မိုင်းကွဲပြီး မကြာဘူး စခန်းက လက်နက်ခဲယမ်းတွေ၊ အခြားလက်နက်နဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ စာအုပ်တွေ မီးရှို့ခံရတာပဲ။ စုစုပေါင်း သိန်း ၂၀၀ ဖိုးလောက် ရှိမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်ခွာသွားအပြီး နယ်မြေရှင်းလင်းချိန်မှာတော့ စခန်းအတွင်း မီးလောင်ပြင်မှာ မီးလောင်ထားတဲ့ ရုပ်အလောင်းတခု တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ကျေးရွာသားတွေကို နင်းမိုင်းတွေ ထောင်ထားတယ်ဆိုတာကို သတိပေးထားတာကြောင့် စခန်းအနီးလာရောက်မှု မရှိနိုင်သလို MRA ရဲ့ ရဲဘော်တွေလည်း ထိခိုက်မှုမရှိခဲ့တာကြောင့် သေဆုံးရုပ်အလောင်းဟာ စစ်ကောင်းစီဘက်ကဖြစ်နိုင်တယ်လို့ ခန့်မှန်းပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ MRA တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ခဲယမ်းကအစပြန်လည်တည်ထောင်ရမှာ ဖြစ်သလို နေထိုင်ရေးအတွက်စခန်းကိုလည်း ပြန်လည်တည်ဆောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းကို မီးရှို့အပြီးမှာ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားပြီး ဖေဖေါ်ဝါရီလ ၈ ရက် မနေ့မနက်ကတော့ ဆားလင်းကြီးမြို့ပေါ်မှာ လူပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။