ခင်ဦးက မြင်းဒေါင်းရွာကို စစ်ကြောင်းဝင်လာလို့ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးနေရ

0 4
0 4

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရုတ်တရတ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မြင်းဒေါင်းရွာအပါအဝင် အနီးနား ရွာသုံးရွာက ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ခင်ဦး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဝင်လာတဲ့ စစ်ကြောင်းမှာ အင်အား ၁၆၀ လောက်ပါပြီး လက်ရှိမြင်းဒေါင်းရွာအပါအဝင် အနီးအနားက သရက်ပင်စု၊ မကြီးအုပ်နဲ့ ယာတော်ရွာက ဒေသခံတွေပါ ထွက်ပြေးနေရတာပါ။ မနက် ၄ နာရီလောက်မှာ စတင် ဝင်လာကြတာပါ။ စစ်ကြောင်းဝင်လာတော့ ဖမ်းဆီးသတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် အနီးနားရွာတွေပါ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်” လို့ သူကဆက်ပြောပါတယ်။

မြင်းဒေါင်းရွာမှာ လူဦးရေ ၂၆၀၀ ကျော်ရှိပြီး၊ ဖေဖော်ဝါရီလ ၆ ရက်ကလည်း စစ်ကြောင်း၀င်လို့ တရွာလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး အခုဒုတိယအကြိမ် ထပ်မံ ဝင်ရောက်လာတာလို့ သိရပါတယ်။ ဒီနေ့ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ခြေမြန်တပ်ရင်း ခမရ – ၃၆၄နဲ့ ခြေလျင်တပ်ရင်း ခလရ- ၇၀၁ လက်အောက်ခံတပ်တွေလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အထိ ရွာပေါင်း ၆၃ ရွာက နေအိမ် ၃၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဘေးသင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၁၈၀၀၀ ခန့်အထိ ရှိခဲ့ပြီလို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။