ဇီးကုန်းမှာ ပျူစောထီးဆိုသူ ပစ်သတ်ခံရ

0 8
0 8

မြေလတ်အသံ၊ ဇွန် ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ရွှေဖလားကျေးရွာက ပျူစောထီး ၁ ဦးကို ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ ဇွန် ၂၂ ရက်မှာ သာယာဝတီခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၂) Phoenix DF ကထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူဟာ ပျူစောထီး ကုလား(ခ)ဘသန်းဖြစ်ပြီး ဇွန် ၂၀ ရက်ည ၇ နာရီကျော်က ၎င်းနေအိမ်အတွင်းမှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ပြန်လည်ခုခံတာမျိုးတော့မရှိဘူး။ သူ့ကို ၅ ချက်ပစ်ခဲ့တယ်လို့ပြောပါတယ်။ ပစ်ခတ်ချိန် သူ့မိန်းမက ထွက်ပြေးသွားတယ်လို့သိရပါတယ်။ သူအပစ်ခံရပြီး စကစတွေရောက်ရှိလာတယ်လို့သိရပါတယ်”လို့ သာယာဝတီခရိုင် တပ်ရင်း (၁)၊ တပ် ခွဲ(၂) Phoenix DF မှတာဝန်ရှိသူတဦးကပြောပါတယ်။

ပစ်ခတ်ရှင်းလင်းချိန် သူ့ရဲ့ဇနီးဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့ရာ ၎င်းနေအိမ်အတွင်းကလက်ကိုင်ဖုန်း ၃ လုံးနဲ့ လက်ပတ်နာရီ ၁ လုံးကိုသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီလူ(ဘသန်း)မှာက ပစ္စတို ၁ လက်ရှိတယ်။ လက်ပစ်သီး ၂ လုံးရှိတယ်။ ရှာမတွေ့လို့ မရလိုက်ဘူး။ ကျနော်တို့ထင်တာက သူ့မိန်းမယူပြီးပြေးတယ်လို့ထင်တယ်”လို့ အထက်ပါ တာဝန်ရှိသူကဆိုပါတယ်။

ကုလား(ခ)ဘသန်းဟာ ပစ္စတိုခါးမှာထိုးပြီး ရပ်ရွာထဲမှာ အဓမ္မစစ်မှုထမ်းကြေးပေးတောင်းခံတာ၊ ရွာခံ လူငယ်တဦးကိုလည်း စစ်မှုထမ်းအဓမ္မထည့်ပေးလိုက်တာ၊ PDF တွေကိုလည်း သူ့ အနေနဲ့ ဂရုမစိုက်ကြောင်းကြွေးကြော်တာကြောင့် အခုလိုပစ်ခတ်ခဲ့ရတာလို့ သူကဆက် ပြောပါတယ်။

အလားတူပြီးခဲ့တဲ့ဇွန် ၂၀ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးကျေးရွာမှ စစ်ကောင်စီ တပ်သတင်းပေးဆိုသူ ကိုမိုးကို Black Dragon (GBK-PDF)က ပစ်ခတ်ရှင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။