myaelatt athan

Sharing Information to the Local

မိုးသည်းထန်ပြီး ခပေါင်းချောင်းရေလျှံလို့ ဒေသခံ ၇၀၀ ကျော်ရွှေ့ပြောင်းနေရ(ရုပ်/သံ)

တောင်ငူ၊ ဇွန် ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ခပေါင်းချောင်းရေလျှံလာတဲ့အတွက် ဒေသခံရာချီ‌ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးနေသူတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ဆည်ရေလွှတ်ပြီး ချောင်းရေလည်းလျှံလာတာကြောင့် ဇွန် ၂၀ ရက် ဒီမနက် ၁ နာရီ မထိုးခင်ကတည်းက ရေတက်လာတာကြောင့် တောင်ငူ-ကင်းဆိပ်ကျေးရွာ သွားလမ်းဘေးက ဒေသခံတွေ နေရာရွှေ့ပြောင်းနေရတာလို့ ဆိုပါတယ်။

“ယာယီရေကြီးတာပါ။ လောလောဆယ်တော့နည်းနည်းပြန်ကျနေပြီး။ အဲဒီရေက အနိမ့်ပိုင်းတွေ စီးနေတယ်။ ရွှေ့ပြောင်းရတာက ရွှေဝါဆီပန့်ကနေ ကင်းဆိပ်ဘက်သွားတဲ့ လမ်းဘေးအနိမ့်ပိုင်းက လူတွေက အရေးကြီးစာရွက်စာတမ်းတွေ၊ သက်ကြီးကလေးတွေ ယာယီရွှေ့တာပါ။ အရမ်းကြီးစိုးရိမ်စရာမရှိသေးဘူး။ နောက်တကြိမ်ထပ်တက်ရင်တော့မပြောတတ်ဘူး။”လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ရေကြီးရေလျှံတာတွေဖြစ်လာလို့ အနိမ့်ပိုင်းကျေးရွာတွေမှာ ရေအမြင့်ပေ ၃ ပေကျော်လောက်ထိ မြင့်တက်လာနေပြီး ကလေးငယ်တွေနဲ့သက်ကြီးပိုင်းတွေက နီးစပ်ရာကုန်းမြင့်ပိုင်းတွေဘက်ကို ပြောင်းရွေ့နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်ခြေ ၂၀၀ ကနေ ၄၀၀ ကြားရှိ ကင်းဆိပ်၊ ဇီးပင်သာ၊ ဆင်ဆိပ်၊ အုန်းပင်စု၊ သျှားယာကုန်း၊ ပွတ်စု၊ ကုက္ကိုပင်စုရွာက ဒေသခံ ၇၀၀ ဝန်းကျင်ရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

ရေဝင်တဲ့ကျေးရွာတွေက ဒေသခံတွေကို လူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက နေရာရွေ့ပြောင်းဖို့ကူညီဆောင်ရွက်ပေးနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့နှစ်ကလည်း တောင်ငူမြို့နယ်မှာ စစ်တောင်းမြစ်ရေတက်တဲ့အတွက် ရေဘေးသင့်မှု ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံပြည်သူသောင်းချီရေဘေးသင့်ခဲ့ရပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။