မြင်းခြံ၊ ဇွန် ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့မြောက်ဘက်အထွက် တလုတ်ရွာနဲ့ အနိမ့်ကျေးရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကိုပစ်ခတ်ရာ ဗိုလ်ကြီး ၁ ဦးအပါ ၃ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း – ၉ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရုရှားပြန် ၃ ပွင့်ဗိုလ် ပြည့်ဖြိုးကျော်၊ တပ်သားပိုင်စိုး၊ ပျူစောထီးခေါင်းဆောင် မင်းသိုက်၊ တပ်ကြပ်မုတ်ဆိတ်တို့လိုက်ပါလာတဲ့ကားဟာ မြင်းခြံမြို့ကနေ အနိမ့်ကျေးရွာကို ပြန်လာစဥ် အထက်ပါနေရာမှာ MBT အဖွဲ့မှကွန်မန်ဒို ၇ ဦးက စောင့်ကြိုပစ်ခတ်ခဲ့ရာ တပ်ကြပ် မုတ်ဆိတ်ကတော့ဒဏ်ရာပြင်းထန်ရပြီး ကျန် ၃ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကျန်တဲ့ ၃ ဦးကတော့ ကားထဲမှာ ရှော(သေ)သွားတာ၊ ကျနော်တို့လက်နက်ရဖို့ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီကားရဲ့နောက်မှာ သူတို့ရဲ့လုံခြုံရေးကားက တောက် လျှောက်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ နောက်ကားနဲ့ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်းပြန်ဆုတ်ခွာခဲ့တာ” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဇွန် ၁၇ ရက်ညနေ ၆ နာရီခွဲလောက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး မတိုက်ခိုက်ခင် ၁ ပတ်အလိုကတည်း ကွန်မန်ဒိုအဖွဲ့တွေဟာ အဆိုပါနေရာအနီးကိုရောက်ရှိနေတာလို့ ဆိုပါတယ်။
“ဒီမစ်ရှင်မဖော်ဆောင်ခင် ၁ ပတ်လောက်အလိုကတဲ့က ကွန်မန်ဒို ၇ ဦးက ရန်သူ့စခန်းကြားကို အဆင်းရဲခံကင်းပုန်းဝတ်ပြီး စောင့်ဆိုင်းခဲ့တာတွေရှိတယ်၊ သူတို့ထွက်လာတဲ့အချိန် ကျနော်တို့ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်၊ ကွန်မန်ဒို ၇ ဦးက သွက်သွက်လက်လက်လုပ်ခဲ့တာ မစ်ရှင်က ၁၀ မိနစ်ပဲ ကြာခဲ့ပါတယ်” လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့လုံခြုံရေးကား ကပ်လျက်လိုက်ပါလာတာကြောင့် သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ စီးနင်းလာတဲ့ကားကို သိမ်းဆည်းနိုင်တာမရှိခဲ့ဘဲ ဒဏ်ရာပြင်းထန်ရတဲ့ တပ်ကြပ် မုတ်ဆိတ်ကတော့ မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုပြီးနောက် နဘူးအိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်သွားပြီး မြင်းခြံမြို့ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။
စာတည်း- လင်း