စစ်ကိုင်း၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဒေသခံတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း သပိတ်ကို ဇန်နဝါရီလ ၂၈ ရက်ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ပါတယ်။
တန့်ဆည်ပင်မသပိတ်အဖွဲ့ဝင်တွေက ဦးဆောင်ပြီး တန့်ဆည်မြို့နယ်ထဲက လူဦးရေတရာကျော်ဟာ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး အချိန် ၂ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်မှာပါဝင်သူတဦးက ပြောပါတယ်။
“သပိတ်ကတော့ နေ့တိုင်းနီးပါးလို့ ပြောလို့ရတယ်။ ပုံမှန်အားဖြင့် တပတ်ကို လေးကြိမ် အနည်းဆုံးလုပ်တယ်။ နောက်ထပ်လည်း ဆက်လုပ်သွားဖို့ရှိတယ်၊ လူထုအသံတွေ အမြဲထုတ်ဖော်နေမှာပါ” လို့ ဆိုပါတယ်။
တန့်ဆည်ပင်မသပိတ်ဟာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဒီကနေ့အထိ မရပ်မနား သပိတ်တွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။