ချောင်းဦး၊ ဇွန် ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးမှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး လက်နက်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ဆီကနေ သိရပါတယ်။
ဇွန် ၁၆ ရက်ည ၁၁ နာရီခွဲအချိန်က ချောင်းဦးအထွေထွေအုပ်ချုပ်ရေးရုံးကနေ မုံရွာမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦး လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကားကတော့ ၁ စီးတည်းဘဲဗျ။ သေဆုံးလောင်းတွေကိုတော့ ချောင်းဦးထွေအုပ်ကနေ ပြန်လာကောက်သွားတယ်ဗျ။ ကျနော်တို့အဝေးကနေ ပစ်နေတုန်း ၂ ယောက်က ဆင်းပြေးသွားတာ။ အပြန်အလှန် ပစ်ခတ်မှုကတော့ရှိခဲ့ပါတယ်ဗျ။ ကျန်တဲ့ ၃ ယောက်ကို အရမိပစ်ပြီး လက်နက်တွေ ကောက်ခဲ့တာ။ ကားကိုမီးရှို့ဖျက်ဆီးပြီးတာနဲ့ တပ်ပြန်ဆုတ်ခဲ့တာ။”လို့ Brave Heart Army-BHA အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း သုံးပွင့်ဗိုလ် ၁ ဦးနဲ့ ပျူစောထီး ၂ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်ရှိတဲ့ စစ်သား ၂ ဦးအနက် ၁ ဦးက ဒဏ်ရာရပြီး ၁ ဦးက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၃ လောင်းကိုတော့ ဇွန် ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ချောင်းဦးထွေအုပ်ရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ကောက်ယူသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း MA 1၊ MA 5၊ M 9၊ ပါရီ၊ Sig batter စတဲ့ သေနတ်အရှည် ၂ လက်နဲ့ အတို ၃ လက်၊ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ အိမ်စီးကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၁၇ ရက် မနက်အစောပိုင်းမှာ မုံရွာ- မန္တလေးလမ်းပိုင်း ခရီးသွားတွေကို မအူစစ်ဂိတ်စခန်းနဲ့ ချောင်းဦးနယ်၊ ငါးယှန်စစ်ဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်တွေစစ်ဆေးပြီး မသင်္ကာသူဆို အင်္ကျီအိတ်တွေကစ ဖွင့်စစ်တယ်လို့ ကားသမား တဦးဆီကနေ သိရပါတယ်။
စာတည်း – လင်း