ပုလဲမှာ စစ်ကောင်စီစခန်းချနေတဲ့ အင်မထီးပျူရွာကို ၆၀ မမ လက်နက်ကြီး နဲ့ အချက် ၃၀ နီးပါး ပစ်ခတ်ခဲ့

0 4
0 4

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အင်မထီးပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူ‌တွေနေတဲ့နေရာကို ဒီဇင်ဘာလ ၂၈ ရက်ညနေ ၄ နာရီခွဲလောက်မှာ ၆၀ မမ လက်နက်ကြီးတွေနဲ့ အချက် ၃၀ နီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Pale Jokers PDF အဖွဲ့တာဝန်ရှိသူ ဗိုလ်ပုလဲက ပြောပါတယ်။

“ကျနော်တို့ ၂၈ ရက်နေ့က ညနေ ၄ နာရီခွဲလောက်မှာ သွားပစ်တာပါ။ လက်လုပ် လက်နက်ကြီး ၆၀ မမ နဲ့ အလုံး ၃၀ လောက် ပစ်ခတ်ခဲ့တယ်။ အဲဒီအင်မထီးရွာမှာ စစ်ခွေးနဲ့ပျူ ၆၀ ကျော်ကျော်ရှိမယ်။ ပစ်ခတ်ချိန်က ၁ နာရီ လောက်ကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ကြပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ နောက်ဆက်တွဲသတင်းကို လေ့လာစုံစမ်းနေတုန်းပါ” လို့ ဆိုပါတယ်။

ပုလဲမြိုနယ် အင်မထီးရွာက ပျူစောထီးနဲ့ စစ်ကောင်စီအင်အား ၆၀ ကျော်ကျော်ရှိတဲ့နေရာကိုချိန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကို Pale Jokers PDF နှင့် People Special Force အဖွဲ့တို့ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်ကလည်း ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာ ရဲစခန်းက ပြန်လာတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေနဲ့ Pale Jokers PDF အဖွဲ့တို့ ဦးနှောက်ရွာအနောက်ဘက်နဲ့ သပြေအေးကျေးရွာ အနောက်ဘက်တို့မှာ ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။