မြို့စိုးရွာကိုဝင်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးဟုဆို

0 30
0 30

တိုက်ပွဲကြောင့် ဒေသခံ ၄,၀၀၀ ကျော်စစ်ရှောင်နေရ

ထန်းတပင်၊ ဇွန် ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။

ဇွန် ၁၂ ရက်မနက် ၇ နာရီခန့်မှာ ဇရပ်ကြီး ခလရ ၇၃ တပ်၊ ကျွဲပွဲ၊ အုတ်တွင်းအခြေစိုက်စစ်ကောင်စီ ပူးပေါင်းအင်အား ၁၂၀ ခန့်ပါစစ်ကြောင်းနဲ့ ထန်းတပင်မြို့ဘက်ကလာတဲ့စစ်ကြောင်းတို့က မြို့စိုးကျေးရွာကိုဝင်ချိန်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့(စကစ)က မြို့စိုးတံတားကနေ မြို့စိုးရွာထဲဝင်လာလို့ ထိတွေ့ မှုဖြစ်တာပါ။ တိုက်ပွဲကတော့ ၁ နာရီကျော်လောက်ဖြစ်တယ်။ ဒီနေ့ထိ ရွာထဲမှာရှိနေတုန်းဘဲ။ စကစထိခိုက်သေဆုံးက မြင်လိုက်ရတဲ့ သူတွေရှိလို့ ပြန်သိရတာ”လို့ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းက မြို့စိုးကျေးရွာထဲရှိနေသေးတာကြောင့် စစ်ဆိုင်နေတဲ့အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲကြောင့် ကိုးတိုင်၊ ပွဲသာ၊ ဂွေးပင်ရိုး၊ အရှေ့ကုန်း၊ ဇီးဖြူသောင်၊ ဘုရားကုန်း၊ အောက်တင်းကုတ်၊ ခုံစု၊ မြို့စိုးကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

မြို့စိုးကျေးရွာနဲ့အနီးဝန်းကျင်ရွာတွေဟာ KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်ပြီး မြို့စိုးတံတား ထန်းတပင်ဘက်ခြမ်းမှာတော့စစ်ကောင်စီဘက်က အင်အား ၄၀ ကျော်နဲ့တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်အပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလိုက်ပါလာတဲ့ ကားကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းနဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။