အမ်းက စစ်ဘေးရှောင်ကလေး ၄ ဦးကို စစ်ကောင်စီရဲက ဖမ်းဆီးချုပ်နှောင်ထား

0 2
0 2

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းက ကလေး ၄ ဦးကို ဒီဇင်ဘာ ၁၆၊ ၁၇၊ ၂၀ ရက်နေ့တို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေက ဖမ်းဆီးသွားခဲ့ပြီး ဒီကနေ့အချိန်ထိ ချုပ်နှောင်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းခံရသူတွေကတော့ မောင်မောင်လေး ၇ နှစ် (၂ တန်း)၊ မောင်ဟန်လင်း ၁၀ နှစ် (၅ တန်း)၊ မောင်နေလင်းဦး ၁၀ နှစ် (၄ တန်း)၊ မောင်ဇော်မင်းနိုင် ၉ နှစ် (၁ တန်း) တို့ဖြစ်ကြပြီး၊ သူတို့မှာ ဆောက်လုပ်ရေးပစ္စည်းတွေကို ခိုးယူတယ်ဆိုပြီးတော့ ရဲသားတွေက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဖခင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“၁၆ ရက်နေ့မှာ ၂ ယောက်ဖမ်းခံရတယ်။ ၁၇ ရက်နေ့မှာ ၁ ယောက်နဲ့ မနေ့က ၂၉ ရက်နေ့မှာ ၁ ယောက် အဖမ်းခံရတာပါ။ ကလေးတွေကို လမ်းခင်းနေတဲ့နေရာက သံချောင်းတွေကို ခိုးယူတယ်ဆိုပြီးတော့ စွပ်စွဲပြီး ဖမ်းသွားတာပါ။ အခုအချိန်ထိပြန်မလွတ်ပေးဘဲ အချုပ်ခန်းထဲမှာ ချုပ်ထားပါတယ်” လို့ ဆိုပါတယ်။

အဲဒီကလေး ၄ ဦးကို ဖမ်းဆီးချုပ်နှောင်ထားတာကတော့ အမ်းမြို့နယ်ရဲစခန်းမှာ ဖြစ်ပြီး၊ လက်ရှိမှာ သူတို့ကို ချုပ်ရမန်ယူဖို့ ပြင်ဆင်နေကြရတယ်လို့ မိဘတွေက ပြောပါတယ်။

“ကျမကလေးကို ဖမ်းတဲ့နေ့က ၁၆ ရက်နေ့ ည ၇ နာရီလောက်မှာပါ။ ရဲသားတွေက ဆိုင်ကယ်နဲ့ လာဖမ်းသွားတာပါ။ အခုထိ ပြန်မလွတ်ပေးသေးပါ။ ကျမတို့ကလေးကို နေ့တိုင်းထမင်းသွားပို့နေရပါတယ်။ ကျမတို့မှာ တရက်လုပ်မှတရက်စားနေရတာပါ” လို့ ဆိုပါတယ်။

အခုလိုဖမ်းဆီးပြီး ချုပ်နှောင်ခံထားရသူတွေ မှာ ကလေးတွေဖြစ်တာကြောင့် ကလေးသူငယ်ဥပဒေအရ သူတို့ကို ဖမ်းခွင့်တောင်မရှိဘူးလို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

“အခုက ရမန်မယူဘဲနဲ့ ချုပ်နှောင်ထားတာ။ ပြီးတော့ အချုပ်ခံထားရတဲ့သူတွေက ကလေးတွေချည်းပဲ။ ဥပဒေအရဆိုရင်ကလေးတွေကို ဖမ်းဆီးချုပ်နှောင်ခွင့်မရှိဘူး။ အသက်ပြည့်တဲ့သူတွေကိုတောင်မှ ရမန်ယူပြီးတော့မှ ချုပ်နှောင်လို့ရတာ” လို့ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကလေး ၄ ဦးရဲ့မိသားစုတွေမှာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ပြီးတော့ ကျပန်းလုပ်ကိုင်စားသောက် နေကြတဲ့သူတွေဖြစ်ကြပြီး၊ လက်ရှိမှာ အလုပ်မလုပ်ရဘဲနဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြရတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။