myaelatt athan

Sharing Information to the Local

ပန်းတောင်းတပ်နယ်ထဲက ညောင်ကျိုးစခန်းကုန်းမှာ တိုက်ပွဲပြင်းထန်နေ

0
0

■ ရခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်က နတ်တောင်ကာကင်းစခန်းကို AA သိမ်းပိုက်ထား

ပန်းတောင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က ညောင်ကျိုး ပင်မစခန်းကုန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ​ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ရက်မှာ ညောင်ကျိုးကျေးရွာနဲ့ တမိုင်ခန့်ကွာဝေးတဲ့ နတ်တောင်ကာကင်းစခန်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းကို ဆက်ပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ပန်းတောင်းတပ်နယ်ထဲမှာရှိတဲ့ ညောင်ကျိုးပင်မကုန်းကို တိုက်နေပြီ။ ရှေ့ကကာကင်းကုန်းဖြစ်တဲ့ နတ်တောင်ကုန်းကို စကစလက်လွှတ်လိုက်ရပြီလို့သိထားရတယ်။ အခုပင်မကုန်းစခန်းပွဲလည်း တော်တော်ကြမ်းနေတယ်”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ညောင်ကျိုးကျေးရွာရှိ ပင်မကုန်းစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ရေးလေယာဥ်အပြင် စက်တပ်လေထီးတွေနဲ့ပါ လူနေကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ဒီဖက်မှာက ထိတွေ့မှုတွေရော၊ တိုက်ပွဲတွေရော တောက်လျောက်ဖြစ်နေတာ။ စစ်တပ်က ပါရာမိုတာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲနေတယ်။အများကြီးထိခိုက်မှုတွေရှိတယ်။ ပပွေး၊လင်းတဲ ရွာတွေကို ကြဲတာ။ ပြည်သူတွေပဲရှိကြတာ။ အဲဘက်မှာ တော်လှန်ရေးအဖွဲ့ဆိုတာ တောထဲမှာပဲနေကြတာဗျ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် ညောင်ကျိုးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ ကစဉ့်ကလျားထွက်ပြေးနေကြတာရှိပြီး အရပ်သားတွေကိုပါ လမ်းပြအဖြစ် ဖမ်းခေါ်နေတာတွေလည်း ရှိနေတယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ညောင်ကျိုးပင်မစခန်းမှာ ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့် သာဝေးပါတယ်။

ပန်းတောင်း-တောင်ကုတ်လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ကာကင်စခန်းတွေနဲ့ ပင်မကုန်းစခန်းတွေ ထိုးစစ်ဆင်တိုက် ခိုက်ခံနေရတာနဲ့ပတ်သက်ပြီး CDMဗိုလ်ကြီး ဇင်ယော်က အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ညောင်ကျိုးပြီးသွားရင်တော့ စကစရဲ့ခံစစ် စခန်းတွေဟာ ကြီးကြီးမားမားမရှိတော့ဘူး။ ကပစ ၆ အထိကို နောက်ကနေလိုက်ပြီးတော့ တိုက်နိုင်တဲ့အနေအထားမျိုးဖြစ်သွားမယ်။ ညောင်ကျိုးအဖွဲ့တွေ ဆုတ်ပြေးရင်လည်း ကပစ ၆ ဖက်ကိုပဲ လမ်းကြောင်းရှိတယ်။ ကပစ ၆ ဟာ သံရည်ကျိုစက်ရုံဖြစ်တဲ့အတွက် တိုက်နေပြီဆိုရင်တောင်မှ ထုတ်လုပ်ရေးလုပ်ငန်းလုပ်နိုင်တော့မှာမဟုတ်ဘူး။ ခံစစ်ဆင်ရမယ်၊ ပြင်ရမယ်ဖြစ်တော့ သံမဏိထုတ်လုပ်ရေးရပ်ဆိုင်းသွားမှာဖြစ်တဲ့အတွက် ကျန်တဲ့စက်ရုံတွေကိုပါ အကြပ်အတည်းဖြစ်စေပါတယ်”လို့ ဆိုပါတယ်။

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။