myaelatt athan

Sharing Information to the Local

ကျောင်းသုံးပစ္စည်းဝယ်ပြန်လာတဲ့ ဆရာမနဲ့ကျောင်းသား ကားတိုက်ခံရပြီး ၂ ဦးစလုံးသေဆုံး

နာရေးကိုလူထောင်ချီလိုက်ပို့သင်္ဂြိုဟ်ခဲ့

ညောင်လေးပင်၊ ဇွန် ၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကြံဘိုကျေးရွာကနေ ညောင်လေးပင်မြို့ပေါ်ကို ကျောင်းသုံးပစ္စည်းသွားဝယ်တဲ့ ဆရာမနဲ့ကျောင်းသား ရွာကိုပြန်ချိန် ယာဥ်တိုက်မှုဖြစ်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁ ရက် ညနေ ၄ နာရီခန့်မှာ ကြံဘိုရွာ အလက ကျောင်းက အသက် ၃၄ နှစ်အရွယ် ဆရာမ ဒေါ်ပြည့်ပြည့်ဖြိုးဝေအောင်နဲ့ G 9 ကျောင်းသား ၁၆ နှစ်အရွယ် ဖြိုးမောင်မောင်တို့ဟာ ညောင်လေးပင်မြို့ ကနေ ကြံဘိုကျေးရွာကိုဆိုင်ကယ်နဲ့ပြန်လာချိန် ဌက်ပျောတောလမ်း၊ ဂျပန်တံတား စစ်တပ်ဂိတ်အနီး အရောက်မှာ ကားတစီးကဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူကလည်းအရင်ကတည်းက ဘယ်ကျောင်းသားဖြစ်ဖြစ် လိုအပ်တဲ့အဝတ်အစားတွေကအစဝယ် ပေးနေကြ။ ဘယ်ကျောင်းသားအပေါ်ဖြစ်ဖြစ်သဘောကောင်းတယ်။ ရွာကလည်းသူ့ကိုချစ်ကြတယ်။ ဆရာမတွေကလည်း အကုန်ခင်တယ်။ သဘောလည်းကောင်းတယ်။ ခုလည်း ကျောင်းသားအတွက် ထီးနဲ့ဖိနပ်ဝယ်ပေးဖို့ခေါ်လာတာ။ အပြန်မှာဖြစ်တာ”လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်ချိန် ကားနဲ့ဆိုင်ကယ်ကချိတ်ပါသွားပြီး ဆရာမက နေရာတင်ပွဲချင်းပြီးသေဆုံးကာ ကျောင်းသားကတော့ ညောင်လေးပင်ဆေးရုံရောက်မှ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဆရာမဟာ အိမ်ထောင်ပြုထားတာ ၁ နှစ်ခန့်သာရှိသေးပြီး ထိုင်းမှာအလုပ်လုပ်နေတဲ့ အမျိုးသားဖြစ်သူ နာရေးကိုပြန်လာဖို့စောင့်နေတဲ့အတွက် ဇွန် ၅ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်မှ ကျေးရွာသုသာန်မှာ ဆရာမနဲ့ကျောင်းသားတို့ရဲ့ နာရေးကို တချိန်တည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာမဒေါ်ပြည့်ပြည့်ဖြိုးဝေအောင်ဟာ လူချစ်လူခင်ပေါသူဖြစ်ပြီး ကျောင်းအတွက်လိုအပ်တာရှိပါက ကိုယ်တိုင်ငွေကြေးစိုက်ထုတ်လုပ်ကိုင်တာ၊ ချို့တဲ့ တဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း ကျောင်းသုံးပစ္စည်းတွေကို ဝယ်ပေးတတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

နာရေးကိုလည်းလူထောင်နဲ့ချီလိုက်ပို့ခဲ့ကြပြီး ၂ ဦးစလုံးကိုတော့ ကျေးရွာသုသာန်မှာပင် ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေမှန်သမျှက ဆရာမရဲ့စိတ်ဓာတ်ကိုသိကြတယ်။ ဆရာမကလည်း သဘောတကယ်ကောင်းတာ။ ကလေးတွေကငိုနေတာကလည်း သရုပ်ဆောင်နေကြတာမဟုတ်ဘူး။ သူတို့ဟာသူတို့ သဘာဝကို ငိုနေကြတာ။ တကယ်ငိုတာ။ သူတို့ဆရာမကိုတကယ်ချစ်ကြတာ။ ဆရာမကလည်း အကုန်လုံးကိုချစ်ကြတာ။ တနယ်လုံးချစ်ကြတာ”လို့ သူကဆက်ပြောပါတယ်။

ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ကားမောင်းသူကို ရဲကဖမ်းထားတယ်လို့သိရကြောင်း အထက်ပါဒေသခံက ပြောဆိုပြီး ဒီအခြေအနေတွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲကိုတော့မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။