⁨အုတ်ဖိုမြို့ပေါ်နဲ့ ရွာ ၂၀ နီးပါးမှာ ရေကြီးနေ (ရုပ်/သံ)

အုတ်ဖို၊ ဇွန် ၅၊ ၂၀၂၅။

မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ပေါ်နဲ့ ကျေးရွာ ၁၇ ရွာမှာ ဇွန် ၃ ရက်က စတင်ကာ ဇွန် ၅ ရက်ဒီကနေ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ရှိ မိုးညိုတန်း၊ ကျောင်းကြီးတန်း၊ လျှပ်စစ်ကွက်သစ်၊ မြို့မရပ်ကွပ်၊ အုတ်ဖိုတာဆုံ၊ သရက်ပင်ဆိပ်အပြင် တမြို့လုံးနီးပါးမှာ ရေ ၂ ပေကျော်နစ်မြုပ်နေတာလို့ဆိုပါတယ်။

“မိုးဆက်တိုက်ရွာလို့။ မေ ၂၆ ရက်ကစရွာတာ ဇွန် ၂ ရက်အထိ သည်းသည်းမည်းမည်းကိုရွာတာပါ။ မနေ့(ဇွန် ၃) ကနဲ့ ခုနေ့ (ဇွန် ၄) တော့မိုးမရွာတော့ပေမယ့်ရေကပြန်မကျသွားဘူး။ စျေးကတော့ပိတ်ထားရတယ်”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် အုတ်ဖိုမြို့နယ်ထဲက ဥသျှစ်ကုန်း၊ ကြက်တိုက်ရွာ၊ မကျည်းပင်၊ဆီမီးတောက်ကုန်း၊ ချောင်းနား၊ ဂွေးချောင်း၊ ဆပ်ပုတ်၊ လူအိုစု၊ ထူးကုန်း၊ ထူးချောင်း၊ တော်တနီကုန်း၊ တပ်ဆွဲ၊ သရက်ကုန်း၊ ညောင်နီကုန်း၊ ဆနွန်းကုန်း၊ ထောက်ကြံ့ကွင်း၊ မယ်ဇလီတန်း စတဲ့ကျေးရွာတွေမှာလည်း ရေကြီးနေတာ လို့ဆိုပါတယ်။

အခုလိုရေနစ်မြုပ်နေတာကြောင့် မြို့ပေါ်ရှိ မြို့မစျေးနဲ့ စျေးဆိုင်တန်းတွေပိတ်ထားရသလို ကျေးရွာတွေဘက်မှာတော့ အစေ့ချစိုက်ပျိုးထားတဲ့ စပါးခင်းတွေပျက်စီးနေပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ ရေပြန်ကျမှပဲ ခန့်မှန်းသိရမှာလို့ လယ်သမားတွေနဲ့နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇွန် ၁ ရက်ကစလို့ ၅ ရက်ဒီကနေ့အထိ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှာလာတာမရှိသေးတာကြောင့် တိုက်ပွဲအခြေအနေကတော့ ငြိမ်သက်နေတယ်လို့သိရပါတယ်။

တည်းဖြတ် – HP

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။