ဒုက္ခသည်စခန်းရေမြုပ်လို့ အသစ်ဆောက်ပေးခဲ့တဲ့ စခန်းအသစ်နေရာမှာလည်း ရေမြုပ်နေဆဲဖြစ်

0 1
0 1

မြေလတ်အသံ၊ သြဂုတ် ၂၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းသစ်နေရာကို ကျပ်သိန်း ၂ ထောင်ကျော်ဖြင့် ဆောက်လုပ်ထားသော်လည်း လက်ရှိမှာ ရေနစ်မြုပ်နေသည်ဟု သိရသည်။

အဆိုပါနေရာသစ်မှာ လက်ရှိနေထိုင်သည့်နေရာနှင့် ၂ ဖာလုံခန့်ဝေးသည့် ဂုံးချိန်ရွာအနီးတွင်တည်ရှိကာ လုံးချင်း လူနေအိမ် ၃၆၃ ဆောင်ကို ဆောက်လုပ်ထားသော်လည်း ဒုက္ခသည်များအနေဖြင့် ယင်းနေရာသို့ မပြောင်းရွေ့ရသေးပါ။

၂၀၂၀ခုနှစ်ကတည်းက စခန်းနေရာသစ်တည်ဆောက်ပြီးစီးပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြောင်းရွေ့နေထိုင်ရမည်ကို မသိရှိရသေးကြောင်းနဲ့ မည်သည့်အချက်ကြောင့် မပြောင်း‌ရွှေ့ရသေးသည်ကိုလည်း မသိရကြောင်း စခန်းမှဒုက္ခသည် အမျိုးသားတဦးက မြေလတ်အသံကို ပြောသည်။

“အစိုးရကလည်း ပြောင်းရွေ့ဖို့ကိစ္စနဲ့ဘာမှမပြောသေးဘူး။ အခုနေတဲ့စခန်းက ရေနစ်ပါတယ်။ ကလေးတွေနဲ့ဆိုတော့ အခက်အခဲဖြစ်တာပေါ့။ မိုးသဲတဲ့နေ့တွေဆိုရင် တညဥ့်လုံးမအိပ်ဘဲ နေရပါတယ်။”ဟု ဆိုသည်။

လက်ရှိနေထိုင်ကြသည့်စခန်းနေရာမှာ ကျောက်ဖြူမြို့၊ ကျောက်တလုံးဘုရားအနီးတွင်ဖြစ်ပြီး၊ အဆိုပါနေရာတွင် အိမ်ထောင်စုပေါင်း ၃၆၀ ကျော်မှ လူဦးရေ ၁၀၀၀ ကျော်ရှိသည်။

လက်ရှိနေထိုင်သည့်စခန်းနေရာတွင် ရေနစ်မြုပ်သဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် NLDအစိုးရကနိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲမှ ‌ကျပ်သိန်း ၂ ထောင်ကျော်အသုံးပြုပြီး စခန်းသစ်တည်ဆောက်ထားသည့်နေရာမှာလည်း လက်ရှိမှာ ရေနစ်မြုပ်နေဆဲဖြစ်သည်။

” အိမ်သစ်တွေဆောက်ထားတဲ့နေရာမှလည်း ရေတွေဝပ်နေတယ်။ မိုးကြီးရင် ရေနစ်မြုပ်တယ်။ အခုနေတဲ့နေရာနဲ့ဘာမှမထူးဘူး။ နွေတွင်းပိုင်းနဲ့ဆောင်းတွင်းပိုင်းတွေလောက်ပဲ နေလို့ရမယ်။ မိုးတွင်းပိုင်းဆို ဘာမှအဆင်မပြေဘူး”ဟု အထက်ပါဒုက္ခသည်အမျိုးသားက ဆိုသည်။

လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများမှာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ဖြစ်သော အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက် တို့တွင်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခအတွင်း နေရပ်စွန့်ခွာခဲ့ရပြီး အစိုးရက ယင်းစခန်းတွင် နေထိုင်ရန် နေရာချပေးထားခြင်းဖြစ် ကြောင်းသိရသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။