myaelatt athan

Sharing Information to the Local

ရွှေဘို၊ နှမစားရစ်ရွာကို စစ်ကောင်စီတပ် တတိယအကြိမ် စစ်ကြောင်းထိုးမီးရှို့ ဒေသခံ ၂ ဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ဆုံးရှုံး

0
0

ရွှေဘို၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံ ၂ ဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၅ နာရီခွဲကျော်ခန့်မှာ ဇီးဖြူကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့်ဟာ ၁ မိုင်ခန့်အကွာက နှမစားရစ်ကျေးရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ကာ ရွာခံတွေကိုသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာသူရွာသားတွေက ဝရုန်းသုန်းကား ထွက်ပြေးကြ၊ သားသမီးတွေကလည်း မခေါ်နိုင်လို့ သက်ကြီးအမျိုးသမီး ၁ ဦးမီးလောင်သေတယ်။ ရွာသူရွာသားတွေက သေနတ်သံကြားတော့ အကုန်ဒီအတိုင်းထွက်ပြေးကြရတာ။ အသက် ၅၀ အရွယ်နေအိမ်အတွင်းပုန်းအောင်းနေတဲ့ အမျိုးသား ၁ ယောက်လည်းဖမ်းမိပြီးအသတ်ခံရတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျေးရွာထဲ ပစ်ခတ်ဝင်ရောက်လာကာ နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် လေဖြတ်ပြီး နေအိမ်ထဲကျန်ရစ်ခဲ့တဲ့ အသက် ၉၀ ကျော်အရွယ် ဒေါ်နွဲ့ကြည် မီးလောင်သေဆုံးခဲ့သလို အသက် ၅၀ အရွယ် ဦးအောင်စိုးဟာလည်း လည်ပင်းပြတ်ရှ၊ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီးမလောင်ဘဲကျန်ခဲ့တဲ့နေအိမ်တွေထဲကို ဝင်ရောက်မွှေနှောက်ကာ စားသောက်ကုန်နဲ့ ပရိဘောဂတွေကို ထော်လာဂျီတွေနဲ့ သယ်ဆောင်ပြီး မနက် ၁၀ နာရီခန့်မှာ ဇီးဖြူကုန်းရွာထဲ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

နှမစားရစ်ကျေးရွာက ရွာခံ ၁,၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးမီးရှို့ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်လည်ထွက်ခွါသွားချိန်မှာတော့ ရွာခံအမျိုးသားတချို့ ရွာထဲမှာ မီးလောင်နေတဲ့နေအိမ်တွေကို ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပါတယ်။ ညနေ ၅ နာရီကျော်မှာ ရွာထဲမှာ မီးငြိမ်းသွားပြီး ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက်မှာတော့ ရွာခံအချို့ ကျေးရွာထဲပြန်လည် ဝင်ရောက်နေထိုင်ပြီလို့ ဆိုပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။