myaelatt athan

Sharing Information to the Local

ပုဏ္ဏားကျွန်းက အရပ်သား ၂ဦးကိုစစ်ကောင်စီ ဖမ်းသွား

0
0

မြေလတ်အသံ၊ ဇူလိုင် ၁၉၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အရပ်သား ၂ဦးကို စစ်ကောင်စီက ယနေ့ ဇူလိုင် ၁၉ရက် နံနက် ၄နာရီအချိန်ခန့်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ၂ဦးမှာ ဦးစောအေးမောင်နှင့် ကိုမိုးသီးခိုင်တို့ဖြစ်ကြပြီး ၎င်းတို့ကို ခမရ(၅၅၀) တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု မြေလတ်အသံ၏ သတင်းရင်းမြစ်တဦးကပြောသည်။

“စစ်သားတွေပေါ့။ပြီးတော့ စစ်အဝတ်တွေကိုဝတ်လို့ ရဲတွေလည်းပါတယ်။ အရင်ဆုံး စံပြရပ်ကွက်က အိမ်နှစ်အိမ်ကို ခြံစည်းရိုးကျော်ပြီး ဝင်ကြတယ်။ နောက်တော့ ၂ယောက်ဖမ်းသွား ကြတယ်။ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး”ဟုဆိုသည်။

လက်ရှိတွင်လည်း ပုဏ္ဏားကျွန်းမြို့ရှိကားလမ်းမ ပေါ်တွင် စစ်ကောင်စီတပ်သားများက လမ်းသွား လမ်းလာများကို စစ်ဆေးနေသည်ဟု မြို့ခံအမျိုး သမီးတဦးကပြောသည်။

“အခုမြို့ကလူတွေက အပြင်ကိုတစ်ယောက်မှ မထွက်ကြဘူး။ ကျွန်မတို့ ဈေးဝယ်ဖို့တောင်မသွားရဲဘူး။ ညည့်ဆိုရင်ပိုဆိုးတယ်။တပ်ရင်းက ထွက်ပြီးတော့သွားနေကြတာ။”ဟုဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးလှရွှေကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၁၆ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀တပ်ရင်းမှ တပ်ဖွဲ့ဝင်တဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့သည်။

ယင်းနောက် စစ်ကောင်စီဖက်မှလည်း ပုဏ္ဏားကျွန်း မြို့ခံအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း ပြန်မလွတ်လာသူ ၈ဦးကို ၅၅၀တပ်ရင်းမှ စစ်ရေးဗိုလ်ကြီး ကြည်လှိုင်က တရားလိုလုပ်ကာ ပုဒ်မ ၃ခုဖြင့်တရားစွဲ ဆိုထားသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။