myaelatt athan

Sharing Information to the Local

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရပြီးနောက် ဒေသခံတချို့ ဆက်တိုက်ဖမ်းဆီးခံနေရ

0
0

ပဲခူး၊ ဇူလိုင် ၁၂၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဖမ်းဆီးခံရပြီးနောက် ဒေသခံတချို့ကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ဦးကျော်ဇေယျအပါအဝင် ၄ ဦးဖမ်းဆီးခံခဲ့ရပြီး ပြည်မြို့ကို လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဘယ်နေရာမှာထိန်းသိမ်းထားတယ် ဆိုတာ တိကျစွာမပြောနိုင်သေးချိန်မှာပဲ သံသယရှိတဲ့ဒေသခံတချို့ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာပါ။

“အဖမ်းခံနေရတာကတော့ ဆက်တိုက်ပဲ အရင် NLD ပြန်ကြားရေးလုပ်ခဲ့ဖူးသူလည်း အဖမ်းခံလိုက်ရတယ်။ နောက် မြို့ကနာမည်ကြီးစီးပွားရေးသမားတယောက်လည်း လာဖမ်းသွားတယ်။ ပြန်လွှတ်မလွှတ်တော့မသိဘူး နောက်ပြီး ပေါင်းတလည်နဲ့ ဝက်ထီးကန်မြို့တွေမှာလည်း ဖုန်းနဲ့လိုက်တိုက်စစ်ပြီး ရှာတယ်။ တချို့လည်း ရှောင်နေကြတယ်။ ကိုကျော်ဇေယျနဲ့ ဆက်စပ်မှုရှိတယ်မရှိဘူးကတော့ သေချာမပြောနိုင်ဘူး” လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

ပေါင်းတလည်မြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး၊ ယခင် NLD ပါတီသတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်တဦး၊ စီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ အခြား ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်းရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အဲဒီလို ကိုကျော်ဇေယျအပါအဝင် ဖမ်းဆီးခံခဲ့ရသူတွေနဲ့ နောက်ဆက်တွဲ ဖမ်းဆီးခံရသူတွေကိုပါ စစ်ကောင်စီနဲ့ NUG၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အပေါ် လူထုက စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

“ဘယ်မှာဖမ်းမိပြီး ဘယ်ကိုပို့တယ်ဆိုတာ ကျနော်တို့သိရသလောက်ကတော့ တိတိကျကျ ပြောနိုင်သူမရှိဘူး။ ထုတ်ပြန်တာလည်းမတွေ့ရတော့ မြို့ခံတွေနဲ့ ပတ်သက်စပ်ဆက်သူတွေက စိုးရိမ်တာပေါ့ဗျာ။ အဖမ်းခံနေရတဲ့သူတွေလည်း ရှိနေတော့။ ကျနော်ပြောချင်တာကတော့ ကိုယ့်အခြေအနေကိုယ်သိပေါ့ဗျာ။ စပ်ဆက်ပတ်သက်မှုကြီးကြီးရှိနေတယ်ဆိုရင်တော့ အဖမ်းမခံရခင် ရှောင်နေတာအကောင်းဆုံးပါပဲ။” လို့ မြို့ခံတဦးကပြောပါတယ်။

ဦးကျော်ဇေယျ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများမှာ အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွေ ဆက်လက်လုပ်ဆောင်ခဲ့လို့ သူငှားရမ်းနေထိုင်ခဲ့တဲ့ အိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကိုပါ ချိတ်ပိတ်သိမ်းဆည်းခံထားရသူဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။