27 July 2026 1:43 AM

မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းမှာ ခရီးသည်တင်ကားမှောက်ပြီး အမျိုးသမီး ၆ ဦးသေ

0 5
0 5

မိတ္ထီလာ၊ ဇွန် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်ကျင်းကျေးရွာအနီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းမှာ ခရီးသည်တင်ကားတိမ်းမှောက်ပြီး အမျိုးသမီး ၆ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇွန် ၂ ရက်မနက် ၂ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ချောက်ဘက်ကို ခရီးသည် ၁၉ ဦးတင်ဆောင်ပြီး မောင်းနှင်လာတဲ့ Elite ခရီးသည်တင်ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၄ မိုင် ၃ ဖာလုံကျော်အရောက်မှာ တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။

“ကားက စလစ်ဖြစ်ပြီးတော့ ယာဥ်မောင်းကထိန်းရင်းနဲ့ ဘယ်ဘက်ခြမ်းကို မှောက်သွားတာ။ မိုးကတော့ အစောပိုင်းလေးက ကျထားတာရှိတယ်။ လမ်းတွေကလည်း အကွေ့အကောက်ရှိတယ်။ မိုးရွာထားတာရယ် Speed လေးလည်းနည်းနည်း ပါလာတယ်ထင်ပါတယ်။”လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတဦးကပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေက ဘယ်ဒေသခံတွေဖြစ်တယ်ဆိုတာကိုတော့ လတ်တလောမှာ စာရင်းကောက်ယူထားရတာမျိုးမရှိဘူးလို့ အထက်ပါ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူက ဆက်ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ ခရီးသည်တွေအနက် အသက် ၆၁ နှစ်အရွယ် ဒေါ်လှကြိုင်၊ ၆၀ နှစ်အရွယ် ဒေါ်တင်တင်မူ၊ ၃၃ နှစ်အရွယ် ဒေါ်သန်းသန်းဦး၊ ၃၁ နှစ်အရွယ် မချိုချိုမြင့်၊ ၂၃ နှစ်အရွယ် မဖြူဖွေး၊ ၄ နှစ်အရွယ် မချစ်စနိုးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၁ နှစ်ကနေ ၇၀ အရွယ်ကြားရှိ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးထိခိုက် ဒဏ်ရာရသွားပြီး သေဆုံးထိခိုက်သူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မိတ္ထီလာမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၉၀/၇ အနီးတွင် လူ ၄ ဦးလိုက်ပါလာတဲ့ အိမ်စီးကားအရှိန်လွန်ပြီး လမ်းလယ်ကျွန်းကိုဝင်တိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။