myaelatt athan

Sharing Information to the Local

ပြည်ခရိုင်မှာ စိုက်ဘဏ်ချေးငွေအပြင် ကိုဗစ်ချေးငွေများကို ခြိမ်းခြောက်တောင်းနေလို့ ငွေတိုးချေးဆပ်နေရ

0
0

ပဲခူး၊ ဇွန် ၁၀၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ထဲက တောင်သူလယ်မားတွေဆီကနေ စိုက်ဘဏ်ချေးငွေတွေအပြင် ကိုဗစ်ချေးငွေတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက် တောင်းနေလို့ အဆမတန်အတိုးပေးရတဲ့သူတွေဆီကနေ ငွေချေးငှားဆပ်နေ ရတယ်လို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။

ချေးငွေကျန်များကို ဇွန်လ ၅ ရက်နေ့နောက်ဆုံးထား ပေးဆပ်ရန် နဲ့ ပေးဆပ်ရန်ပျက်ကွက်ပါက ဘဏ်၏တည်ဆဲ ဥပဒေအရလည်းကောင်း၊ မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမည်ဆိုတာကို ချေးငွေကျန်တောင်သူလယ်သမားများဆီကို နို့တစ်စာပို့ အကြောင်းကြားနေတာဖြစ်ပါတယ်။

“ဆပ်ကြတဲ့သူတွေလည်းရှိပါတယ်။ မဆပ်နိုင်သူတွေလည်းများပါတယ်။ ကိုဗစ်ချေးငွေကအတိုးမရှိကြားထားတာ။ ခုကျတော့အဲ့ငွေလည်းအတိုးနဲ့ပါပဲ။ အတိုးတော့မများပါဘူး ဒါပေမယ့်စိုက်ဘဏ်တွေက ဒဏ်တိုးပါလာပါပြီ တောင်သူတွေကဘေးမှာအတိုးယူပြီး ပေးဆပ်နေကြရတာပါပဲ” လို့ ချေးငွေပေးဆပ်လိုက်ရတဲ့ လယ်သမားတဦးကပြောပါတယ်။

ယခုလာမည့် မိုးချေးငွေများအတွက် ယခင် ၂၀၂၀ ခုနှစ် မိုးချေးငွေများ(ဧကအလိုက်)နဲ့ ကိုဗစ်ချေးငွေ ၅ သိန်းကို ပြန်လည်ပေးဆပ်ခိုင်းနေခြင်းဖြစ်ပြီး ပေးဆပ်ရက်ကျော်လွန်သူများကို ဒဏ်ကြေးများပါ ဆောင်ခိုင်းနေခြင်းဖြစ်ကြောင်း တောင်သူလယ်သမားများကဆိုပါတယ်။

“တောင်သူတွေကတော့ အရစ်ကျပြန်တောင်းမှ အဆင်ပြေမယ်ထင်ပါတယ်။ ဥပမာ သိန်းသုံးဆယ်သမားကို တနှစ် ဆယ်သိန်းပြန်တောင်းတာမျိုး အဲ့လိုမျိုးမဟုတ်ရင်လည်း အတိုးငွေကိုပဲပြန်ကောက်တာဆို အဆင်ပြေနိုင်တာပေါ့ ချေးငွေဆိုတဲ့ စနစ်ကြီးမရှိရင်လည်း ကောင်းတာပါပဲ” လို့ လယ်သမားတဦးကပြောပါတယ်။

ချေးငွေအတင်းအဓမ္မပြန်တောင်းတာနဲ့ပတ်သက်ပြီး တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက အဲဒီကိုဗစ်ချေးငွေများမှာ NLD အစိုးရလက်ထက်က ချေးထားခြင်းဖြစ်ပြီး လက်ရှိစစ်ကောင်စီမှာ တရားဝင်အစိုးရမဟုတ်တဲ့အတွက် ပေးဆပ်ရန် မလိုသော်လည်း တောင်သူများမှာ နီးရာဓါးကြောက်နေရလို့ ဆပ်နေရတာလို့ဆိုပါတယ်။

“တကယ်က ဆပ်စရာမလိုဘူး ဒါပေမယ့်သူတို့က မထင်ရင်မထင်သလိုလုပ်တာဆိုတော့ ဆပ်နေရကြရတာပေါ့။ နောက် ဘဏ်ချေးငွေဆိုတာလည်း တောင်းချင်ရင် တရားမမှုနဲ့သွားရတာမျိုး အမှုနိုင်ရင်တော့ တတ်နိုင်သလောက် ဘယ်လောက်ပဲဆပ်ဆိုတာမျိုးပေါ့ အဲလိုပဲတောင်းရတယ် အခုကမတရားသဖြင့်ခြိမ်းခြောက်တောင်းတဲ့သဘောပဲ” လို့ တရားလွှတ်တော်ရှေ့နေတဦးကဆိုပါတယ်။

တဘက်မှာလည်း ယခုမိုးစပါးစတင်စိုက်ပျိုးချိန်မှာ ဓါတ်မြေဩဇာဈေးကြီးမြင့်တာ ဒီဇယ်၊ဓါတ်ဆီဈေးကြီးမြင့်တာတွေကြောင့် အခက်ခဲအကျပ်တည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။