myaelatt athan

Sharing Information to the Local

AA ကိုရိက္ခာကောက်ပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့ခံ ၂ ဦးဖမ်းဆီးခံရ

0
0

မြေလတ်အသံ၊ မေ ၂၇၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ ၂ ဦးမှာ ရက္ခိုင့်တပ်တော်(AA)ကို ရိက္ခာကောက်ပေးနေသည်ဟုဆိုကာ ယမန်နေ့ မေလ ၂၆ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ ဦးသန်းလှိုင်(၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ကို ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ကဖမ်းခေါ်သွားခြင်းဖြစ်ပြီး လက်ရှိတွင်၎င်းတို့ ၂ ဦးကို ရဲစခန်း၌ အမှုဖွင့်ထားသည်ဟု ဒေါ်ခင်အုန်းနွဲ့၏ ခင်ပွန်းဦးမြအောင်စံက ပြောသည်။

“သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀(က)နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီနေ့တော့ သူတို့ကို စတင်စစ်ဆေးပါတယ်။ ပြီးတော့သူတို့ကို ကျောက်ဖြူအကျဉ်းထောင်ကို ပို့လိုက်ကြတယ်” ဟု သူကဆိုသည်။

ဖမ်းဆီးခံရသူ ဦးသန်းလှိုင်၏ ဇနီးဖြစ်သူဒေါ်ချိုချိုသိန်းက ၎င်း၏ခင်ပွန်းဖြစ်သူမှာ မိသားစုကို ဘေးတွဲဆိုင်ကယ်မောင်းကာ ရှာကျွေးနေသူဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA)အတွက်ရိက္ခာကောက်ပေးနေသူမဟုတ်ကြောင်းနှင့် ယခုလိုဖမ်းဆီးခံထားရခြင်းကြောင်း မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်သွားရသည်ဟု ပြောသည်။

“ကျမအမျိုးသားက နိုင်ငံရေးအကြောင်းတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ဘာမှမလုပ်ပါဘူး။ တရက်လုပ်မှ တရက်စားနေရတဲ့အခြေအနေပါ။ ဒီလိုစွပ်စွဲပြီးတော့ ဖမ်းသွားတာတော့ အရမ်းဝမ်းနည်းရပါတယ်။ ဒီလိုမတရား မလုပ်သင့်ပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဒေါ်ချိုချိုသိန်းက မြေလတ်အသံကို ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်၌ စစ်ကောင်စီက မြို့နယ်တချို့သို့ဝင်ရောက်ကာ ULA/AA အဖွဲ့များနှင့် ဆက်စပ်မှုရှိနေသူများကို ဖမ်းဆီးလိုက်လှံရှာဖွေနေမှုများ တရပ်စပ်လုပ်ဆောင်နေလျှက်ရှိသည်။

ယမန်နေ့ မေလ ၂၆ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ပေါ်ရှိ ULA တိုက်နယ်မှူးနေအိမ်နှင့် CSO အဖွဲ့အစည်းတွင်လုပ်ကိုင်နေသည့် ကိုမောင်မောင်ကြီးနေအိမ်တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသများကပြောသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။