မြင်းကပါရွာမှာ လူငယ် ၆၀ ကျော် စစ်မှုထမ်းဖို့ အကြောင်းကြားစာပို့ခံရ

0 3
0 3

■ အကြောင်းကြားခံရတဲ့ လူငယ်တွေကို မတ်လအတွင်းခေါ်မှာဖြစ်ပြီး ခရီးသွားခွင့်ပိတ်

မန္တလေး၊ မတ် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့နယ်အစပ်က မြင်းကပါရွာမှာ လူငယ် ၆၀ ခန့် စစ်ကောင်စီတပ်ထဲမှာ စစ်မှုထမ်းဖို့ စာရင်းပါဝင်အကြောင်း စာပို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

မတ် ၁ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက အကြောင်းကြားစာ လိုက်ပို့နေတာဖြစ်ပြီး စာရင်းမှာ ပါဝင်တဲ့လူငယ်တွေကို ခရီးသွားလာခွင့်လည်းပိတ်ထားကာ မတ်လအတွင်းမှာပဲ စစ်မှုထမ်းဖို့ခေါ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်မှုထမ်း စာရင်းပါတယ်၊ ဘယ်မှထွက်လို့ မရဘူး၊ ခရီးသွားလို့ မရဘူး၊ ပြည်ပလည်း ထွက်လို့မရဘူး ဆိုတဲ့ဟာမျိုးပေါ့။ တကယ်လို့မှ ထွက်ရင် လေယာဉ်ကွင်းကနေ ဖမ်းမယ်တို့ပါ ပြောသွားတယ်။ သူတို့(စာ)သွားပို့တဲ့အိမ်က လူက ပြည်ပရောက်နေတယ်ဆိုလည်း ပြန်ခေါ်ပေးပေါ့။ တကယ်လို့ ပြန်မလာဘူးဆို အိမ်မှာရှိတဲ့သူကို ခေါ်မယ်လို့ ပြောတယ်၊ ယောကျ်ားလေး ၂ယောက်ရှိတဲ့ အိမ်မျိုးတွေ ပါတာများတယ်။”လို့ ညောင်ဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ကလည်း စစ်ဆင်ရေးတခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကရရှိခဲ့တဲ့ စစ်မှုထမ်းဖို့ အသက်အရွယ်ပြည့်မီသူ လူငယ် ၇၀၀ ကျော်ရဲ့ အချက်လက်တွေကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပေးခဲ့ပြီး စာရင်းမှာပါဝင်တဲ့ ပြည်သူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ကာ ရှောင်ရှားကြဖို့လည်း တိုက်တွန်းထားပါတယ်။

အဆိုပါ စာရင်းတွေထဲမှာ ညောင်ဦးမြို့၊ အမှတ် ၃ နယ်မြေမှာရှိတဲ့ စိုက်ပျိုးရေး၊ ငှက်ပစ်တောင်၊ အောင်သဒ္ဓိ၊ ကံသာယာ၊ ဇေယျဝတီ၊ အောင်ဇေယျ၊ ပြည်တော်အေး၊ အောင်မင်္ဂလာ၊ အောင်သပြေ၊ မြို့မကွက်သစ် စတဲ့ရပ်ကွက်တွေမှာနေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်ပါတယ်။

ညောင်ဦးဒေသခံတဦးကတော့ အဆိုပါ စာရင်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းခေါ်ဆောင်ဖို့အတွက် အသက်ပြည့်မီသူတွေကို စာရင်းပြုစုထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒီလူတွေ အကုန်လုံးကို ခေါ်မယ့်စာရင်းတော့ မဟုတ်လောက်ဘူး။ ဘာဖြစ်လို့လဲဆို ရပ်ကွက်ထဲမှာ ရှိသမျှလူတွေရဲ့ အသက်မီသူတွေရဲ့ နာမည်တွေ အကုန်ပါတယ်၊ ရှိသမျှလူငယ် အကုန်ပါတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်ဦးမြို့၊ ကျောက်ပြင်ကန်ကျေးရွာနဲ့ ကြအူကျေးရွာက အမျိုးသား ၁၁ ဦးကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ကာ နောက်တနေ့မှာတော့ အထက်တန်းကျောင်းသား ၃ ဦးနဲ့ အသက်ကြီးပိုင်းအမျိုးသား ၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။