myaelatt athan

Sharing Information to the Local

တောင်ငူမှာ စစ်သား ၈ ဦးသေဆုံးပြီးနောက် ပဲခူးရိုးမပေါ်ကို အရပ်သားကားတွေနဲ့တက်ဖို့ စစ်ကောင်စီပြင်ဆင်နေ

0
0

မြေလတ်အသံ၊ မေ ၁၊ ၂၀၂၂။

ဧပြီ ၃၀ ရက် မနေ့က ညနေ ၆ နာရီခန့်က တောင်ငူခရိုင် PDF နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ မတိုင်ခင် ဧပြီ ၂၉ ရက်က တောင်ငူမြို့နယ် မြာရွာအနီးမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီး အင်အားမမျှလို့ ဆုပ်ပေးလိုက်ပေမယ့် မနေ့က ထပ်ပြီးစစ်ကြောင်းထိုးလာလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပထမရက်မှာ ကျနော်တို့ဖက်က အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတာကို၊ နောက်ရက် စကစဖက်က လှုပ်ရှားမှု လုပ်ပြီး စစ်ကြောင်းထိုးလာတာ။ မြာရွာဖက် ဖြစ်ပြီး နောက်ရက်မှာ ထပ်တက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတာပါ” လို့ သူကပြောပါတယ်။

မနေ့က တောင်ငူမြို့နယ်၊ စမိုးလမ်း‌အနီးရှိစမ်းမြှောင်၀န်းကျင်မှာ ရှေ့ထွက်ပြောင်းနဲ့ ပစ်ပြီး မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးသေဆုံးအပြီးမှာ အနောက်ရိုးမ တောင်ငူခရိုင်အတွင်းကို စစ်ကောင်စီက အရပ်သားကားတွေနဲ့ တက်ဖို့ စီစဥ်နေတယ်လို့ ပဲခူးတိုင်း PDF စစ်ဒေသ တာဝန်ရှိသူဆီက သိရပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်က ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာမှာ စကစ က လူစုပြီး အနောက်ရိုးကိုတက်ဖို့ ဒေသခံကားတွေကို ချောလိုက်ဆွဲနေတာတွေရှိတယ်။ စကစ က တောင်ငူခရိုင် အနောက်ရိုးမကို နယ်မြေရှင်းလင်းရေးပုံစံ လုပ်နေတာ ဆိုတော့ အားလုံးက ဆက်စပ်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ လပိုင်းကတည်းက တောင်ငူခရိုင် PDF က ရိုးမပေါ်ကို အရပ်သားကားတွေ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာ‌တာတွေ မလုပ်ဖို့ ထုတ်ပြန်ထားပြီး၊ အရပ်သားကားနဲ့ဆိုင်ကယ်တွေ တက်လာခဲ့ရင် စစ်ကောင်စီလို့ ယူဆပြီး ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ လည်းပါဝင်ပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ မြာရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လက်ရှိမှာလည်း တပ်စွဲထားတာရှိနေလို့ ရွာခံပြည်သူတွေ အိမ်မပြန်ရဲကြသေးပဲ တောထဲမှာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။