myaelatt athan

Sharing Information to the Local

မုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာယာဝတီခရိုင်ရှိ ပဲစိုက်တောင်သူတဦးလျှင် သိန်းနှင့်ချီဆုံးရှုံး

0
0

မြေလတ်အသံ၊ မတ်၂၄၊ ၂၀၂၂။

မုန်တိုင်းတိုက်ခိုက်မှုကြောင့် မတ်လ ၂၂၊ ၂၃ ရက်နေ့များတွင် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်တွင်းရှိ နှုတ်သိမ်းလျှက်စ ပဲခင်းများ မိုးမိကာ ဆုံးရှုံးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ မတ်လ မှာ သာယာဝတီခရိုင်တွင် မတ်ပဲနှင့် ပဲတီစိမ်း ရင့်မှည့်ချိန်နှင့် နှုတ်သိမ်းနေသည့် အချိန်ခါဖြစ်ပြီး အချို့မှာ စိုက်ခင်းများအတွင်း နှုတ်သိမ်းပြီးစုပုံထားရှိကာ ချွေလှေ့ရန်အတွက် စက်ငှားရမ်းနေဆဲ ဖြစ်သည့်အတွက် အများစု မိုးမိကာ ပျက်စီးကုန်ကြောင်း ဒေသခံတောင်သူများထံကသိရသည်။

“မိုးမိကုန်ပြီလေ ခုနေ မိုးထက်ရွာရင်တော့နောက်ရက်ဆို ပဲပင်ပေါက်ဖြစ်ပြီ။ ကျတော်တို့ဘက်က စိုက်ချိန်နဲ့ နှုတ်သိမ်းနောက်ကျတယ် အခုမှ နှုတ်တဲ့သူ၊ နေလှန်း ချွေလှေ့နေသူတွေချည်းပဲ။ တချို့ကနှုတ်တောင်မနှုတ်ရသေးဘူး။ နှုတ်ပြီးသား ပဲတွေကြတော့မိုးမိပြီးနေလှန်းလို့ရပေမယ့် အဝါရောင်သန်းသွားရင် ဈေးကောင်းမရတော့ဘူး။ ဒီဘက်က မတ်ပဲထက်ပဲတီစိမ်းက ပိုဆိုးတယ်။” ဟု သာယာဝတီနယ်မှပဲစိုက်တောင်သူတဦးကပြောသည်။

ပဲတီစိမ်းစိုက်စားရိတ်အဖြစ် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချွေလှေ့ရောင်းချချိန်ထိ တဧကလျှင် ၁၀ သိန်းခန့်ကုန်ကျကာ ယခုနှစ်ကုန်ကျစားရိတ်ပိုများပြီး အထွက်နှုန်းမှာ ၂၅ တင်းဝန်းကျင်ထွက်ရှိကာ တတင်းလျှင် ၄၃၀၀၀ ကျပ်ပေါက်ဈေးရှိပြီး မိုးထိသွားသောကြောင့် တဝက်ခန့်ဆုံးရှုံးသွားကြကြောင်း တောင်သူများကပြောသည်။

“ကျတော်ဆို နှုတ်ပြီးသား တဝက်လောက်ပဲ မိုးကာအုပ်နိုင်တယ် ဧကနှစ်ဆယ်လောက်ကျန်နေသေးတယ်။ ဆုံးရှုံးမှုက သိန်းတရာဝန်းကျင်ဆုံးရှုံးသွားတယ်။ မနှုတ်သေးဘဲ အပင်မှာတင်ရင့်မှည့်နေတဲ့ပဲတွေကြတော့ ရေစိုပြီးနေပြန်ပူတာနဲ့ ပဲတွေက အကုန်ကွဲပြီး ဘာမှမကျန်တော့ဘူး။ အထွက်နှုန်းကောင်းဈေးလည်းကောင်းနေခါမှ ဖြစ်သွားတာ” ဟု ပဲတီစိမ်းအများအပြားစိုက်ပျိုးသူသာယာဝတီနယ်သားတဦးကပြောသည်။

ပဲခူးတိုင်းအတွင်း သယာဝတီခရိုင်မှာ ပဲအများအပြားစိုက်ပျိုးပြီး မုန်တိုင်းမိုးမှာ တခရိုင်လုံးရွာသွန်းခဲ့ပြီး ပြည်ခရိုင်နှင့် အစပ် မကွေးတိုင်းမြို့နယ်အချို့တွင် မတ်ပဲနှင့်ကုလားပဲ နှုတ်သိမ်းချိန်စောခဲ့သော်လည်း အထွက်နှုန်းနည်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့နှင့်ကြုံခဲ့၍ အရင်းပင်ပြန်လည်မရရှိခဲ့ကြောင်း ဆိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။