စစ်ကောင်စီ မီးဝင်ရှို့တဲ့ ချောင်းရိုးရွာနဲ့ စိမ်းစားရွာမှာ ပြည်သူ ၃ဦး သေနတ်ဒဏ်ရာနဲ့ ‌သေဆုံး

0 3
0 3

စစ်ကိုင်း၊ မတ် ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းရိုးရွာနဲ့ စိမ်းစားရွာတွေကို မတ်လ ၁၂ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်ကောင်စီက PDF တွေရှိတယ် အထင်နဲ့ ဝင်မီးရှို့ခဲ့ပြီး ထွက်ပြေးသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက စိမ်းစားရွာကို အရင်မီးဝင်ရှို့ခဲ့ပြီး အမျိုးသမီးငယ်တဦးကို သေနတ်နဲ့ ပစ်ခဲ့သလို ချောင်းရိုးရွာကိုလည်း မီးဝင်ရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” စိမ်းစားရွာက ကောင်မလေးကို အရင်ပစ်ခဲ့တာ မီးရှို့ခဲ့ပြီး ချောင်းရိုးကို ထပ်လာရှို့တာ အဲ့ဒီမှာ ကြောက်ပြီး ထွက်ပြေးတဲ့ ချောင်းရိုးရွာက သားအဖနှစ်ယောက်ကို ထပ်ပစ်သတ်လိုက်တာ” လို့ ဒေသခံက ပြောပါတယ်။

စိမ်းစားရွာက အမျိုးသမီးငယ်ရဲ့ လက်မောင်းနဲ့ ရင်အုံကို ထိမှန်သေဆုံးခဲ့ပြီး ချောင်းရိုးရွာက သားအဖနှစ်ဦးကတော့
ခေါင်း နဲ့ ရင်အုံတို့ကို ထိမှန်သေဆုံးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

” ဒီနေ့မနက် အလောင်းဝင်ကောက်တော့ လက်နက်ကြီးနဲ့ ၃ချက်လှမ်းပစ်တယ်၊ သူတို့က ဟိုဘက်တရွာမှာ တပ်စွဲထားတာ လူတွေမြင်တော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ” လို့ ‌‌ဒေသခံတဦးက ပြောပါတယ်။

စိမ်းစားရွာမှာတော့ အိမ်ခြေ ၂၇လုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး ၁ဦးသေဆုံးခဲ့သလို ချောင်းရိုးရွာက ကြက်ခြံ၅ လုံးနဲ့ နေအိမ် ၁၅လုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

” ဘုရားကျောင်းကိုလည်း ရှို့တယ် မီးတို့ခဲ့တာ သီလရှင် ၃ပါးက မီးသတ်နိုင်လိုက်တယ် လောင်တော့ မလောင်သွားဘူး၊ အခုရွာထဲမှာ မီးတွေကတော့ ငွေ့ငွေ့လေးတော့ လောင်နေတယ် ဘေးအိမ်တွေတော့ မကူးတော့ပါဘူး” လို့ ပြောပါတယ်။

လက်ရှိချောင်းရိုးရွာ တရွာလုံး ဘေးလွတ်ရာကို ပြေးနေကြပြီး သေဆုံးသွားတဲ့ သားအဖနှစ်ဦးကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၁၂ရက် မနေ့က မနက် ၁၁နာရီဝန်းကျင်မှာ စစ်ကောင်စီနဲ့ PDF နှစ်ဖွဲ့ တည်ဆည်မြို့နဲ့ ရေဦးမြို့အကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး သေဆုံးပြီး ၁ဦး အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။