myaelatt athan

Sharing Information to the Local

ရခိုင်ရိုးမရှိစစ်ရှောင်စခန်းကို စစ်ကောင်စီကလက်နက်ကြီးပစ်၊ လူငယ်တဦးသေဆုံးလူမမယ်ကလေးများနှင့်သက်ကြီးရွယ်အိုများကို ဖမ်းဆီး

0
0

မကွေး၊ ဇန်နဝါရီ ၁၅၊၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အပိုင် ရခိုင်ရိုးမအတွင်းမှာရှိတဲ့ ယာယီစစ်ရှောင်စခန်းကို စစ်ကောင်စီကလက်နက်ကြီးပစ်ဝင်ရောက်ဖမ်းဆီးခဲ့မှုကြောင့် လုံခြုံရေးယူပေးထားသော လူငယ်တဦး သေဆုံးကာ လူမမယ်ကလေးများနှင့်သက်ကြီးရွယ်အိုများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စခန်းတာဝန်ခံများထံကသိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီကျော်ခန့်က စစ်ကောင်စီတပ်သားအများအပြားဖြင့် လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့မှုကြောင့် စောင့်ရှောက်ပေးနေသည့် လူငယ် ၁ ဦးသေဆုံးကာ ရှောင်တိမ်းနိုင်ခြင်းမရှိသည့် အသက် ၃ နှစ်၊ အသက် ၁၂ ၊ အသက် ၁၃ ၊ နှစ်အရွယ်ရှိကလေး များနှင့် သက်ကြီးရွယ်အို ၂ ဦး၊ လူကြီး ၁ ဦး တို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျတော့စစ်ဘေးရှောင်မှာရှိနေတဲ့ လူငယ်တွေအကြောင်းမဲ့အပစ်ခံလိုက်ရတယ် သက်ကြီးရွယ်အို ကလေးသူငယ်တွေဖမ်းသွားတယ်။ ကလေးတွေက စခန်းမှာ အငယ်ဆုံး လေးနှစ်ကနေ ဆယ့်ငါးနှစ်လောက်ထိရှိတယ်။ လူငယ်တွေက အတွေ့အကြုံမရှိဘူး စစ်ဘေးရှောင်တွေဆိုတော့ လက်နက်ကြီးတွေနဲ့ပစ်ဝင်တော့ ကြောက်လန့်ထွက်ပြေးကုန်တာပေါ့။ စခန်းမှာကတောထဲမှာနေတော့ တောရိုင်းတိရိစ္ဆာတွေ လာတယ်၊ ဝံလာတယ် အဲဒါကိုလုံခြုံရေးစောင့်တာ အဲဒီကလေးတွေ ပထမဆုံးပစ်ခတ်ခံရတာပဲ။ နာရီဝက်လောက်ထိ ပစ်ခတ်ပြီး စခန်းကိုမီးရှို့ ပစ္စည်းတွေယူသွားတယ် နင်းမိုင်းတွေထောင်ခဲ့တဲ့အတွက် စခန်းကို ပြန်သွားဖို့ကလည်းအဆင်မပြေတော့ဘူး” ဟု စခန်းတာဝန်ရှိသူ တဦးကပြောသည်။

ယင်းစခန်းတွင် စစ်အာဏာသိမ်းမှုကြောင့် အကြောင်းအမျိုးမျိုးဖြင့် ရှောင်တိမ်းနေရသူများ မိသားစုဝင်များ၊ စစ်ရှောင်များကို လက်ခံကူညီစောင့်ရှောက်ပေးနေရာ ယာယီစခန်းတခုဖြစ်ပြီး PDF လူငယ်အနည်းငယ်က ကူညီပေးထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

“လက်နက်ကြီးပစ်ဝင်တယ်။ အဓိကပါသွားတာက စစ်ဘေးရှာင်တွေပါ။ အထိခိုက်လည်းရှိတယ်။ တအားပစ်ဝင်ကြတာ။ ဖမ်းမိတာမှာလည်း လူကြီးသုံးယောက်ကိုပဲ ပြထားတယ်။ ကလေးသုံးယောာက်ကို ပြမထားဘူး။ အခုကကျတော်တို့စခန်းမှာ လူမမယ်ကလေးတွေလည်းများတော့ ဘယ်ကလေးတွေ ပါသွားလည်းဆိုတာမသိဘူး စစ်ရှောင်တွေကို ခေါ်ပြီးအကူညီပေးထားတဲ့ယာယီစစ်ရှောင်စခန်းပါ” ဟု စခန်းတာဝန်ရှိသူတဦး ကပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးသွားသူများ ပျောက်ဆုံးနေသူများ ကို အတည်ပြုနိုင်ရန် ကြိုးစား နေဆဲသာဖြစ်ပြီး စခန်းနှင့် အနီးတဝိုက်တွင် နင်းမိုင်းများ ထောင်သွားခဲ့မှုကြောင့် သွားလာရေးလည်း ခက်ခဲနေကြောင်း ၎င်းတို့က ဆိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။