ချောက်၊ မေ ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မေ ၂၄ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၈ နှစ်အရွယ် ဦးနေဝင်းဟာ ရွာဘုန်းကြီးကျောင်းထဲရှိနေချိန် ခေါင်းကိုပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဦးနေဝင်းက ရွာထဲမှာရှင်းခံလိုက်ရတာလို့တော့ သိရတယ်။ သူကစစ်မှုထမ်းယန္တရား အသက်ဝင်အောင်လုပ်ပေးနေသူပေါ့။ စကစခန့်အုပ်ကြီး။ သူကလည်းဆိုးတယ်။ စစ်မှုထမ်း ကြေးကောက်တာ။ စစ်သားတွေနဲ့ပေါင်းတာက တရွာလုံးကကြောက်နေရတာ”လို့ ဒေသ ကာကွယ်ရေးအဖွဲ့တဦးက ပြောပါတယ်။
ဦးနေဝင်းပစ်သတ်ခံရပြီးနောက် မေ ၂၅ ရက်မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်အင်အား ၄၀ ခန့်ဟာ စဥ့်ကူးမြို့ဘက်ကနေ ရွှေဘုံတောင်၊ အုံမြား၊ ရွာမတို့ကိုဝင်မွှေကာ နေ့လယ်ပိုင်းမှာ ပြည်တော်သာရွာအနီး ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့နဲ့ ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်ညနေပိုင်းမှာ စစ်ကြောင်းက စဥ့်ကူးမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂွေ့ချောင်းကြီးကျေးရွာအနီးမှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ မြောက်ချောကုန်းအုပ်ချုပ်ရေးမှူး အသက် ၅၈ နှစ်အရွယ် ဦးသန်းလွင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး ၂ ဦးကို ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
မေ ၂၄ ရက်ကလည်း ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး အမှုပွဲစားလုပ်နေတဲ့ အမျိုးသား ၁ ဦးပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့သိရပါတယ်။
စာတည်း – လင်း