၂ ရက်ကြာပျောက်နေတဲ့ ကလေးကို သေဆုံးလျက်ပြန်တွေ့

သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေ

ပဲခူး၊ မေ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မဇင်းဆည်အနီးလျှိုထဲမှာ ၂ ရက်ကြာပျောက်နေတဲ့ ကလေးကို သေဆုံးလျက် ပြန်တွေ့ပြီး သံသယရှိသူအချို့ကိုလည်း ရဲက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၃ ရက်ဒီမနက် ၈ နာရီခန့်မှာ ပျောက်ဆုံးနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်သက်နိုင်မင်းရဲ့ အလောင်းကို ဆည်အနီးလျှိုထဲမှာ လက်ပြန်ကြိုးတုပ်လျက်၊ ခေါင်းကို ပလပ်စတစ်အိတ်စွပ်ထားပြီး မှောက်လျက်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

“အပုပ်နံ့ရတယ်ဆိုပြီး စခန်းကို လှမ်းအကြောင်းကြားလို့ သွားရှာကြရင်းတွေ့တာ။ ရဲက အရင်တွေ့တာ။ လောလောဆယ်သံသယရှိသူအချို့ကို စစ်နေတယ်။ တရားခံတွေရသင့်သလောက်ရထားပြီးဆိုတော့ ကွင်းဆက်တွေလည်းလိုက်နေကြတယ်။”လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူ မောင်သက်နိုင်မင်းဟာ ယခုနှစ်ကျောင်းဖွင့်ရာသီမှာ G-8 ကိုတက်ရောက်မယ့် ကျောင်းသား ဖြစ်ပြီး ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေသူဖြစ်ပြီး မေ ၂၀ ရက်ညနေ ၅ နာရီခန့်မှာ ဘောလုံးကန်မယ်ဆိုကာ နေအိမ်ကနေထွက်သွားရာမှ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

နေအိမ်အနီး CCTV မှတ်တမ်းတွေအရ မောင်သက်နိုင်မင်း နေအိမ်ကထွက်ချိန်မှာ ဆိုင်ကယ်တစီး ပေါ်တက်လိုက်သွားတာကိုသာ နောက်ဆုံးတွေ့ခဲ့ရတယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

ဖမ်းဆီးထားတဲ့ သံသယတရားခံတွေကိုတော့ ရဲဘက်က လတ်တလော ထုတ်ဖော်ပြောဆိုတာမရှိသေး ဘူလို့ ဆိုပါတယ်။

လူငယ်ရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကသယ်ဆောင်ပြီး ပဲခူးဆေးရုံကို ပို့ဆောင်ထားကာ ရဲဘက်ကလည်း စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၆ ရက်ကလည်း ပဲခူးမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးမှာ ဆိုင်ကယ်တက္ကစီ မောင်းနှင်သူ အမျိုးသား ၁ ဦးကို လှည်ပင်းဓားနဲ့လှီးပြီး ဖုန်းနဲ့ဆိုင်ကယ်လုယူသွားလို့ ဆိုင်ကယ် မောင်းသူမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။