တောင်သာက စစ်ကောင်စီဝန်ထမ်းအိမ်ရာ စီးနင်းခံရပြီး Non CDM ၆ ဦးအပါ ၁၁ ဦးဖမ်းဆီးခံရ

တောင်သာ၊ မေ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ-ကျောက်ပန်းတောင်လမ်းပေါ်က စစ်ကောင်စီတပ်အထိုင်ဂိတ်နဲ့ ဝန်ထမ်းအိမ်ရာ စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက် Non CDM ဝန်ထမ်း ၆ ဦး အပါ ၁၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

မေ ၁၉ ရက် ယမန်နေ့မနက် ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ရှိ အထက်ပါစစ်ဆေးရေးဂိတ်နဲ့ အမှတ် ၅ ရပ်ကွက်ရှိ ဝန်ထမ်းပေါင်းစုံနေထိုင်တဲ့ အိမ်ရာကို ဒေသကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

” စကစဒေါက်တိုင်ဝန်ထမ်းယန္တရားချေဖျက်ရေးဆိုတဲ့စစ်ဆင်ရေးဆိုတော့ ဝန်ထမ်းတွေ အတော်များများဖမ်းခဲ့တယ်။ မှီခိုမိသားစုတွေပါလာလို့ ပြန်လွှတ်ဖို့တော့ရှိတယ်” လို့ တောင်သာပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မင်္ဂလာဦးရပ်ကွက်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ဝန်ထမ်းအိမ်ရာစီးနင်းမှုမှာ စစ်ကောင်စီလက်အောက်ပညာရေးနဲ့ မြေစာရင်းဌာနဝန်ထမ်း အမျိုးသား ၅ ဦးနဲ့အမျိုးသမီး ၁ ဦး၊ ၎င်းတို့ရဲ့မိသားစုဝင်အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

” ရည်ရွယ်တာက ထွေအုပ်နဲ့လဝကဝန်ထမ်းတွေကို ဒါပေမယ့် သူတို့ပါမလာဘဲနဲ့ ပညာရေးနဲ့မြေစာရင်းကပဲပါလာတာ။ ပါလာတဲ့ဝန်ထမ်းတွေရဲ့ ရာထူးကတော့စိစစ်ဆဲ” လို့ အထက်ပါကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူက ဆက်ပြောပါတယ်။

ဖမ်းဆီးထားသူတွေအနက် ဝန်ထမ်းမိသားစုဝင်တွေကိုသတ်မှတ်ကာလရောက်ရှိပါက ပြန်လွှတ်ပေးသွားမှာဖြစ်ပြီး Non CDM တွေကိုတော့ သက်ဆိုင်ရာအဆင့်ဆင့် တင်ပြပြီး ဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင်အဆင့် စစ်ဆင်ရေးဖော်ဆောင်မှုအနေနဲ့ မေ ၁၅ ရက်ကစတင်ကာ တောင်သာမြို့နယ်အတွင်း နေရာ ၅ ခုခန့်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲနဲ့ စစ်ရေး အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။