11 July 2026 3:32 AM

ပဲခူးရှိ စစ်ကောင်စီရှေ့ကင်းစခန်းကို သိမ်းပိုက်ပြီး လက်နက်တွေသိမ်းဆည်း

0 14
0 14

ပဲခူး၊ မေ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူတိုက်နယ်၊ ဇီးတောကျေးရွာအနီးရှိ စစ်ကောင်စီရှေ့ကင်းစခန်း သိမ်းပိုက်မီးရှို့ဖျက်ဆီးခံရတယ်လို့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၁၈ ရက်မနက် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်နေတဲ့ အဆိုပါစစ်ကောင်စီ ရှေ့ကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ၁ နာရီကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်သားတွေက ပြေးကုန်တယ်။ သစ်တောဝန်ထမ်းတွေမိတာကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ စကစဘက်က သေတဲ့ကောင်တော့မရှိဘူး။ လက်နက်တွေပဲ သိမ်းဆည်းရမိခဲ့တယ်လို့တော့ သိရတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက စခန်းကိုစီးနင်းပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းအတွင်းကနေ စစ်ကောင်စီတပ်သားတွေထားခဲ့တဲ့ သေနတ်မျိုးစုံ ၁၄ လက်၊ ကျည် ၁,၀၀၀ ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းမီးရှို့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေပြန်ဆုတ်လာချိန် နေလယ်ပိုင်းမှာ စစ်ကောင်စီအင်အား ၃၀ ခန့်ဟာ ဇီးတောရွာနဲ့ ၃ မိုင်ခန့်အကွာ သင်္ကန်းပင်ကျေးရွာကိုရောက်လာပြီး လက်နက်ကြီးအထိုင်ချကာတပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကလည်း ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာအုပ်စု၊ တိုက်ကြီးကျေးရွာရှိ ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ကြီးကျေးရွာရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးကာ သေနတ် ၁ လက်ကို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။