ဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသမီးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ အဆောက်အအုံတချို့ပျက်စီး

0 2
0 2

စလင်း၊ မေ ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကူရင်းချောက်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးထိခိုက်ပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၄ ရက် မနေ့ကညနေ ၃ နာရီခွဲမှာ ၁ ကြိမ်နဲ့ ၃ နာရီ ၄၆ မိနစ်မှာ ၁ ကြိမ် ဂျက်ဖိုက်တာပေါ်က ဗုံးသီး ၁ လုံးစီကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ဆီကကြည့်ရင် အရှေ့ကလာတာဆိုတော့ မိတ္ထီလာဘက်ကလာတာ ဖြစ်ပါလိမ့်မယ်။ ဗုံးအနေနဲ့ကတော့ ပေါင် ၃၀၀ လောက်ရှိမယ်လို့ ယူဆတယ်။ ဘုန်းကြီးကျောင်းဘက်မှာ ၁ လုံး၊ စာသင်ကျောင်းဘက်မှာ ၁ လုံး၊ ခါးလောက်မြုပ်တဲ့ကျင်းကြီးတွေ ဖြစ်သွားပါတယ်။” စလင်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဗုံးစထိမှန်ပြီး ကျေးရွာရဲ့အရှေ့ဘက်အပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဆောင် ၁ ခု၊ သိမ် ၁ ခု၊ ရွာလမ်းအနောက်ဘက်ရှိ စာသင်ကျောင်း ၁ ခု၊ ၆ ခန်းတွဲဝန်ထမ်းအိမ်ရာ ၁ ဆောင်၊ စာကြည့်တိုက် ၁ တိုက်နဲ့ နေအိမ် ၆ လုံးပျက်စီးခဲ့ပါတယ်။

ဒါ့အပြင်အသက် ၆၀ အမျိုးသမီး ၁ ဦးလည်း လက်ကိုဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး အခြေအနေက မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ရွာသားတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့တိုက်ပွဲတွေကြောင့် အများစုက ရွာထဲကနေတိမ်းရှောင်နေတာကြောင့် လေကြောင်းတိုက်ခိုက်ချိန်မှာ ထိခိုက်မှုနည်းသွားတာဖြစ်တယ်လို့ အထက်ပါအမျိုးသမီးကပြောပါတယ်။

မကျီးကုန်းကျေးရွာဟာ အိမ်ခြေ ၁၅၀၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး လေကြောင်းတိုက်ခိုက်ပြီးနောက်မှာလည်း ကျန်ရှိနေတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း စလင်းမြို့နယ်၊ ကူရင်းချောက်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။