ရေစကြို၊ မေ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာကနေ ထွက်လာပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်းကို မေ ၉ ရက်က ဆန်းသစ်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။
အဆိုပါအင်အား ၁၀၀ ပါစစ်ကြောင်းဟာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈က စစ်သားတွေဖြစ်ပြီး ဆန်းသစ်ကျေးရွာအနီး မနက် ၇ နာရီ ၂၀ မိနစ် မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုကြာချိန် ၁ နာရီမိနစ်၂၀ ခန့်ကြာအောင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတဦးအပါ စစ်သား ၂၇ ဦးသေဆုံး ၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကာ Southern YSO PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ၁၀ ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကင်းထောက်ဒရုန်း ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးရဲ့အခြေအနေကိုလည်းမသိရသေးဘူးလို့လည်းဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ပခုက္ကူမြို့ကနေ သံချပ်ကား ၅ စီးလာနဲ့ အလောင်းတွေကိုသယ်ပြီး ပခုက္ကူကိုပို့တာတွေရှိသလို ၁၀၀ ပါတဲ့စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးသာ ကျောက်လှေခါးဂိတ်ကို ပြန်ဝင်နိုင်တယ်လို့လည်း ဗိုလ်အောင်မောင်းက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ Southern Local တပ်ပေါင်းစု၊ BNRA၊ Yesagyo Revolution Group၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း – ဒိန်းဂျား၊ တည်းဖြတ် – HP