myaelatt athan

Sharing Information to the Local

NUG ထိန်းချုပ်ထားတဲ့ မော်လူးမြို့ပေါ်ကိုဗုံးကြဲခံရလို့ ပလဖ တပ်ဖွဲ့ဝင် ၁ ဦးအပါ ၂ ဦးသေဆုံး

မော်လူး၊ မေ ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ပေါ်ကို စစ်ကောင်စီတပ်က မေ ၁၂ ရက်မွန်းလွဲ ၁၂ နာရီမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တိုက်ခိုက်ရေးလေယာဉ် ၂ စီးနဲ့ မော်လူးမြို့၊ မင်းသစ္စာရပ်ကွက်ရှိ စာသင်ကျောင်းနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရေသန့်စက်ရုံ၊ လူနေအိမ်တွေကို ဗုံးသီး ၃ လုံးကြဲချပြီး ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်သေဆုံးရှိခဲ့ကြတာလို့ ဆိုပါတယ်။

‘မော်လူးမြို့နေရာအနှံ့ကို ကြဲသွားတာ။ စာသင်ကျောင်းလည်းထိတယ်။ ထွေအုပ်ရုံးလည်းထိတယ်။ နေအိမ်တွေလည်းထိတယ်။ အဲ့အထဲမှာ ရုံးမှာ ပလဖရဲဘော်တယောက်သေသွားတယ်။ နောက်မြို့ထဲကို ကြဲသွားတာဆိုတော့ လမ်းမှာဆိုင်ကယ်စီးနေတဲ့အမျိုးသားတယောက်လည်း သေသွားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူအမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၀ အရွယ် မော်လူးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် မောင်စိုးခန့်ဦး နဲ့ ၄၃ နှစ်အရွယ် မြို့ခံဦးစိုးကြိုင်တို့ဖြစ်ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း မိသားစုဝင် ၄ ဦး၊ နောက်ထပ်မြို့ခံ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထွေအုပ်ရုံးမှာ ပလဖရဲဘော်တယောက်ကျတယ်ဗျ။ ပြည်သူတယောက်က ထွေအုပ်ရုံးရှေ့ဆိုင်ကယ်နဲ့ အဖြတ်မှာ ပွဲချင်းပြီးသေတယ်ဗျ။ ပြည်သူမိန်းမတယောက်က ခြေထောက်ဖြတ်လိုက်ရတယ်ဗျ’လို့ မော်လူးမြို့ခံအမျိုးသားတဦးက ပြောပါတယ်။’

မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃၊ ဒီဇင်ဘာ ၁၃ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ NUG အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့တမြို့ဖြစ်ပါတယ်။

မေလအတွင်းစစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နီးပါးပြုလုပ်နေတဲ့အတွက် ဒေသခံဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။

မေ ၁၂ ရက်မနေ့ကမနက်ပိုင်းမှာလည်း ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးပြီး ဒေသခံ ၅၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – အောင်စိုး၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။