ညောင်ဦးမှာလည်း စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
ရေစကြို ၊ ဧပြီ ၂၉ ၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာကို စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့ပစ်ခတ်ခံရလို့ သေဆုံးမှုများပြားတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဗလဘကျေးရွာကို ထိုးဖောက်စီးနင်းလာတဲ့ စစ်အင်အား ၂၅၀ ကျော်ပါ စစ်ကြောင်းကို နယ်မြေခံတပ်ဖွဲ့တွေက အဆိုပါကျေးရွာအနီး စောင့်ကြိုပစ်ခတ်ခဲ့ပြီးနောက် ဧပြီ ၂၀ နဲ့ ၂၁ ရက် ၂ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ အလောင်းတွေကို ပခုက္ကူကိုသုံးဘီးနဲ့ခိုးသယ်တယ်လို့ သိရတယ်။ သူတို့အထိနာတဲ့အတွက် ဗလဘကျေးရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့သွားတယ်။ ဧပြီ ၂၂ ရက်မှာ ပခုက္ကူမြို့ကို ပြန်ထွက်သွားတယ်” လို့ ရေစကြိုတပ်ပေါင်းစုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါ ၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုတပ်ပေါင်းစုတပ်ဖွဲ့ဘက်ကလည်း PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားစဥ်နဲ့ ဖြစ်ပွားပြီးချိန်တွေမှာလည်း လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရပြီး တပ်မ ၁၀၁ လက်အောက်ခံပူးပေါင်းတပ်တွေဖြစ်တဲ့အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ ပခုက္ကူတပ်မ ၁၀၁ ကို ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။
တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ၃၊ ၁၀၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ (ပ.က. ဖ)၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ကမ္မတပ်ပေါင်းစု၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပျောက်ကျားတပ်၊ ဒေါင်းညီနောင် နဲ့ Wolf Brothers Burma Revolution Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးတယ်လို့ Bagan Bo Cho PDFပြောပါတယ်။
နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ချောက်မြို့ကနေ အင်အား ၆၀ ခန့်နဲ့ ထွက်ခွာလာတဲ့ ထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦးမြို့နယ်၊ စဥ့်ကူးရဲစခန်းကတဆင့်တပ်မရေနံမှော်ကို စစ်ကြောင်းထိုးလာစဥ် လမ်းပိုင်းတနေရာအရောက် ဧပြီ ၂၈ ရက် မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ မိုင်းက ၆ လုံးဆွဲတာ။ ပြီးမှတိုက်ခိုက်တာ။ တိုက်ပွဲကြာချိန်ကတော့ သိပ်မကြာဘူး။ လက်နက်၊ လူအင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတာ။ သေဆုံးတာက ရဲဘော်တွေရဲ့မျက်မြင်ပါ။ သေတဲ့ကောင်တွေကို မီးရှို့ခဲ့တယ်။ ကျနော်တို့ရဲဘော်တွေ မီးရှို့တဲ့နေရာကိုသွားကြည့်တော့ ၄ ယောက်လို့ပြောတယ်” လို့ Bagan Bo Cho PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အထက်ပါစစ်ကောင်စီတပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ တပ်မရေနံမှော်ဘက်ကိုဆက်လက်ထွက်ခွာသွားခဲ့ပြီး ဧပြီ ၂၉ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ အဆိုပါစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို တန်ပြန်စစ်ကြောင်းထိုးလာနေတယ်လို့ သူကဆက်ပြောပါတယ်။
အခုတိုက်ခိုက်မှုကိုလည်း Bagan Bo Cho PDFနဲ့ ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ လို့သိရပါတယ်။
စာတည်း – ဟိန်းစံ