myaelatt athan

Sharing Information to the Local

ဘုရားဖူးလာတဲ့ ပျူစောထီးတွေအပါ ၄၀ ကျော်ဖမ်းဆီးခံရ

ညောင်လေးပင်၊ ဧပြီ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ကလာတဲ့ ပျုစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၄၀ ကျော်ကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကဒက်ချောင်းရေတံခွန်မှာ တော်လှန်ရေးအဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ ပဲခူးတိုင်းအခြေစိုက် ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီ ၁၅ ရက်နေ့လယ် ၂ နာရီခန့်မှာ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်မှာရှိနေတဲ့ ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဇနီးဖြစ်သူ ယမင်းနဲ့ ပျုစောထီး ဒုခေါင်းဆောင် မဲကြီး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၀ ကျော်ကို ဒေသအခြေစိုက်လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ကျနော့်အထင်ဆို အဲဒီမှာပျူ အားလုံး ၁၃ ယောက်လောက်ပါမယ်။ ယောကျ်ားလေးတွေ တော်တော်များများက ပျူတွေ။ အားလုံးတော့ ပျူတွေမဟုတ်ဘူး။ မိန်းကလေးတွေနဲ့ ကလေးတွေလည်းပါတယ်။”လို့ ပဲခူးတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ ဧပြီ ၁၇ ရက်အထိ ဖမ်းဆီးသွားတဲ့အဖွဲ့က ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့သိရကြောင်း သူကပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦးခန့်နဲ့ သက်ကြီးပိုင်းအမျိုးသမီးအချို့လည်းပါဝင်ပြီး သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ဧပြီ ၁၆ ရက်ထုတ်ပြန်ကြေညာချက်မှာတော့ ကျိုက်ထီးရိုးဘုရားဖူးလာတဲ့ ပြည်သူ ၄၈ ဦးကို ကဒက်ချောင်းရှိ စားသောက်ဆိုင်တခုကနေ PDF အဖွဲ့က ခြေလျင်နဲ့ရောက်လာကာ လိုက်ထရပ်ကား ၂ စီးနဲ့ဖမ်းခေါ်သွားခဲ့တယ်လို့ဖော်ပြထားပြီး ဖမ်းဆီးခံရသူတွေက ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြထားတာမျိုးမရှိပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။