ယင်းမာပင်၊ ဧပြီ ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ၇ လကြာ စစ်ဆင်ရေးကပြန်လာတဲ့ ယင်းမာပင်ခရိုင်ဗျူဟာ (၄၂) တပ်ရင်း (၃၉) ကတပ်ဖွဲ့ဝင်တွေကို လမ်းတလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေက ဧပြီ ၃ ရက်မှာ ကြိုဆိုခဲ့တယ်လို့ တပ်ရင်း (၃၉) ဆီကသိရပါတယ်။
ယင်းမာပင်ဗျူဟာ ၄၂ က တပ်ဖွဲ့ဝင် ၇၅ ဦးဟာ (က) သုံးလုံးခရိုင်စစ်ဆင်ရေးအဖြစ် ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၄ စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်ဆင်ရေးကာလ ၇ လကြာ တာဝန်ထမ်းခဲ့ကြတာပါ။
စစ်ဆင်ရေးကပြန်လာချိန်မှာ အားလုံးထိခိုက်ကျဆုံးမှုမရှိဘဲပြန်လာနိုင်ခဲ့တဲ့အတွက် မိခင်တပ်ရင်းနဲ့ ဒေသခံကျေးရွာတွေကကြိုဆိုခဲ့ကြတာလို့ ယင်းမာပင်ခရိုင်ဗျူဟာ (၄၂) တပ်ရင်း ၃၉ ရဲ့ တပ်ရင်းမှူး သူရိန်ကပြောပါတယ်။
ယင်းမာပင်ဗျူဟာ ၄၂ အတွင်းမှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၇၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၉၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ တို့ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ဆင်ရေးက ပြန်ချိန်မှာ သက်ဆိုင်ရာတပ်ရင်းတွေကို ပြန်ချိန် ဒေသခံတွေက အခုလိုကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
တည်းဖြတ် – HP