⁨ဝက်လက်မှာ အချိန်အခါမဟုတ်မိုးရွာလို့ ဆောင်းသီးနှံစိုက်ခင်း ဧကသောင်းနဲ့ချီ ပျက်စီး (ရုပ်/သံ)

0 1
0 1

ဝက်လက်၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းနဲ့ တောင်ခြမ်းဒေသတွေမှာ အချိန်အခါမဟုတ်မိုးရွာတဲ့အတွက် ဆောင်းသီးနှံစိုက်ခင်း ဧက ၁ သောင်းကျော် ပျက်စီးသွားတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စိုက်ခင်းတွေမှာရေဝင်လာပြီး စိုက်ပျိုးပြီးခါစ သီးနှံပင်တွေအားလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ဂျုံ၊ ကုလားပဲခင်းနဲ့ နံနံ(ပင်)တွေက မိုးရွာလိုက်တော့ အပင်မကြီးသေးတဲ့ဟာတွေဆိုတော့ အကုန်လုံးပူးကပ်ပြီးတော့ မြေနဲ့ကပ်ပြီးအကုန်ပျက်တာ။ ဒီရက်ပိုင်းမှာ စိုက်ပျိုးပြီးခါစတွေ အညှောင့်ထွက်စတွေရှိသေးတာ”လို့ ပေါက်ကံရွာ တောင်သူတဦးကပြောပါတယ်။

ကုလားပဲ၊ နှမ်း၊ ဂျုံ၊ နေကြာ၊ မြေပဲနဲ့ နံနံပင် အပါအဝင် ဆောင်းသီးနှံစိုက်ခင်းတွေ ပျက်စီးသွားတာဖြစ်ပြီး စိုက်ခင်းတွေပျက်စီးကုန်လို့ တောင်သူတွေမှာ ထပ်မံစိုက်ပျိုးဖို့ မလွယ်ကူတော့တာကြောင့် ဒီနှစ်အတွက် စားဝတ်နေရေး ကြပ်တည်းလာနိုင်တယ်လို့ ဆိုကြပါတယ်။

အဆိုပါ စိုက်ခင်းတွေအတွက် မျိုးစေ့ဖိုး၊ လုပ်အားခ၊ ထွန်ယက်ခ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဖိုးတွေအပါအဝင် ၁ ဧက ကုန်ကျစရိတ် ၅ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်ဆို ၄,၀၀၀ ကျော်လောက် ပျက်တယ်။ နောက်ထပ်စိုက်ဖို့မလွယ်ဘူး။ ဒီအတိုင်းပစ်ထားရမှာပဲ။ အခုတောင် ငွေတိုးချေးလုပ်ကြရတာ။ မြေပဲချသူကော၊ ဂျုံချ၊ ပဲချသူကော အကုန်လုံးနစ်ပဲ။”လို့ သာစည်ရွာခံတောင်သူတဦးက ပြောပါတာ်။

စစ်တပ်ကမီးရှို့ဖျက်ဆီးတာကို ခံထားရတဲ့ ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာမှာလည်း အခုလို မိုးရွာသွန်းမှုကြောင့် လက်ရှိအချိန်အထိ တောင်သူ ၃ ပုံ ၂ ပုံမှာ နှမ်းပျက်စီးမှုနဲ့ရင်ဆိုင်နေရပြီး ဆက်ပြီးရွာသွန်းနေမယ်ဆိုပါက အားလုံးပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

“တလင်းတွေထဲမှာလည်း နှမ်းကပုံမရ၊ နှမ်းတွေကလည်းရိတ်ပြီးသားတွေဖြစ်၊ နှမ်းတွေက ပျက်စီးတဲ့သူတွေက တောင်သူတိုင်းလိုလိုဖြစ်နေတယ်ဗျ၊ ပဲစဉ်းငုံကလည်းအပွင့်တွေက အကုန်ကြွေကုန်ပြီ အဲ့မိုးကရွာလိုက်တော့လေ ပိုးတွေကျပြီးတော့။ လောလောဆယ်တော့နှမ်းဒေသဆိုတော့ တောင်သူတွေမှန်သမျှတော့ ၃ ပုံ ၁ ပုံလောက် တောင်သူတိုင်းပျက်စီးနေပြီဗျ။ နောက်ထပ်ဒီတိုင်း မိုးကမလင်းဘူး ဒီတိုင်းဆက်သွားနေဦးမယ်ဆိုရင် အကုန်လုံးနီးပါးပစ်ရမှာ” လို့ ဝက်လက်မြို့နယ်၊ ရွာနန်းရွာမှ တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မိုးရေထိထားတဲ့နှမ်းတွေအနေနဲ့လည်း နှမ်းရိုးတွေမဲပုပ်နေတာကြောင့် စျေးကောင်းမရနိုင်ဘူးလို့ ဆိုပါတယ်။

“မရနိုင်ဘူးဗျ၊ ဘယ်လိုမှ မရနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ နှမ်းရိုးတွေကလည်းပုပ်ပြီး မဲတူးကုန်ပြီလေ။ ထွက်လာတဲ့နှမ်းကလည်း ဘယ်လိုမှ မလှနိုင်တော့ဘူး။ စျေးကတော့ အနှိမ်ခံရမယ်။ နောက် ထွက်လာတဲ့နှမ်းကို ဆီကြိတ်ပြန်တော့လည်း ဆီတွေက ကောင်းလာနိုင်ချေမရှိဘူးဗျ။ အောက်နေတဲ့အတွက်လေ” လို့ သူက ဆက်ပြောပါတယ်။

နှမ်းကိုအဓိကထားပြီး စိုက်ပျိုးစားသောက်နေရတဲ့ ကျေးရွာဖြစ်တဲ့အပြင် တောင်သူတွေမှာ တနှစ်စာ ဆီ၊ ဆန်တို့ကို သိုလှောင်ပြီးစားသောက်လေ့ရှိကြတာကြောင့် ခုလိုအခြေအနေနဲ့ကြုံရတဲ့အခါ တောင်သူတွေမှာ စားဝတ်နေရေးခဲယဉ်းလာပြီး စားနပ်ရိက္ခာသိုလှောင်နိုင်တဲ့အနေအထားမရှိနိုင်လောက်ဘူးလို့ အထက်ပါတောင်သူက ခန့်မှန်းပါတယ်။

အချိန်မခါမဟုတ်မိုးရွာတာကြောင့် ဘူးခါးကန်၊ နဘဲပင်လှ၊ မင်းကုန်းလေး၊ အုန်းနဲဘုတ်၊ ပဒက်ကြီး၊ ထန်းကြီး၊ ရွာတော်၊ အုံပုန်းကြီး၊ ရွှေစည်ခုံ၊ သာစည်၊ လှဒွေ၊ သရက်ချိုအပါအဝင် ဝက်လက်နယ်တောင်ခြမ်းနဲ့ အနောက်ခြမ်းကျေးရွာပေါင်း ၁၅ ရွာထက်မနည်းက ဆောင်းသီးနှံစိုက်ခင်း ဧက ၁ သောင်းကျော် ပျက်စီးထားတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။