◾️တပ်ရင်းဌာနချုပ် ၃ ခုအပါအဝင် စခန်းအချို့သိမ်းခံထားရတာမှန်တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်အချို့ အတည်ပြု
ကျိုက်ထို၊ နိုဝင်ဘာ ၁၀၊ ၂၀၂၆။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ ၁ နဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် တပ်မဟာ ၃ အစပ်က NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း (၁၁) ခုသိမ်းထားတယ်လို့ နိုဝင်ဘာ (၁၀) ရက်နေ့မှာ စစ်တပ်က သတင်းထုတ်ပြန်လာပြီး တပ်ရင်းဌာနချုပ် (၃) ခုအပါအဝင် စခန်းအချို့သိမ်းခံထားရတာမှန်တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး မွန်ပြည်နယ် ကျိုက်ထိုဒေသနဲ့ ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်ကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းရာမှာ နိုဝင်ဘာ (၅) ရက်မှာ ကော်ကပ်ကျေးရွာအနီး ယာယီအခြေပြုနေထိုင်တဲ့ စခန်း (၁) ခု၊ နိုဝင်ဘာ (၆) ရက်မှာ ကော်ထီးထကျေးရွာအနီးရှိ စခန်း (၁) ခု၊ နိုဝင်ဘာ (၇) ရက်မှာ ကော်ထီးထကျေးရွာအနီး KNU၊ KNLA တပ်မဟာ (၁)၊ ရင်း (၃) ဌာနချုပ်အပါအဝင် စခန်း (၄) ခုကို သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



နိုဝင်ဘာလ (၈) ရက်မှာလည်း ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် (၄) တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်ရှိ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင်စခန်း (၅) ခု, တပ်စခန်း (၁၁) ခုထိ သိမ်းပိုက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစခန်းတွေကို သိမ်းဆည်းရာမှာ လက်နက်မျိုးစုံ (၉၇) လက်၊ ကျည်မျိုးစုံ (၁၂၂၈၅) တောင့်၊ Drop Bomb (၃၆၂) လုံး၊ မိုင်းမျိုးစုံ (၁၃၉) လုံး၊ (4×4) ကား (၂) စီး၊ ဒရုန်း၊ လက်ပစ်ဗုံး၊ ဗုံးသီး၊ ဒီတိုနေတာ၊ ဆက်သွယ်ရေးစက်၊ ပစ်ကျင်း၊ ဘန်ကာ၊ လူနေတဲနဲ့ ဆက်စပ်ပစ္စည်း၊ ရိက္ခာပစ္စည်းတွေ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်း၊ ပြောက်ကျားဝတ်စုံ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ ဆေးဝါးတွေနဲ့ဆေးပစ္စည်းတွေ၊ အခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



စစ်တပ်စစ်ကြောင်းထိုးကာလအတွင်းမှာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) ဌာနချုပ်စခန်း၊ ဗျူဟာ (၂၇) ဗျူဟာ ဌာနချုပ်စခန်း၊ အထူးတိုင်းစစ်ဌာန ဌာနချုပ် စခန်းဟောင်းအပါအဝင် ယာယီစခန်းတွေသိမ်းဆည်းခံထားရတာ မှန်ကန်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“မြေပြင်မှာ စခန်းသိမ်းခံရမှုတွေရှိတယ်။ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ထားတာရှိတယ်။ စကစ က သာလွန်အင်အားနဲ့ဝင်လာတာဖြစ်လို့ အချို့စခန်းတွေက ကြိုတင်ဆုတ်ခွာပေးလိုက်ရတာ မျိုးရှိတယ်။ ဒါပေမယ့် စစ်တပ်ထုတ်ပြန်ထားသလို လက်နက်တွေအများကြီး သိမ်းခံရတာမျိုးတော့မရှိဘူး” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။



စစ်ကြောင်းထိုးလာချိန်အတွင်း တိုက်ပွဲပေါင်း (၇) ကြိမ်ထက်မနည်းဖြစ်ထားပြီး စစ်တပ်ဘက်က (၁၀) ဦးထက်မနည်းသေဆုံးထားတာလည်း ရှိနေပြီးအခြေနေအသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်တွေက ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး ရန်ကုန်၊ ပဲခူးနဲ့ ကျိုက်ထိုက စစ်အင်အားတွေအပါအဝင် စစ်တပ်က အင်အား (၁၂၀၀) ခန့်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး တိုက်ပွဲနဲ့မြေပြင်ထိုးစစ်တွေကြောင့် ကျိုက်ထိုမြိုနယ်ထဲက ဝင်းကံ ၊ ခမောက်ခွေ၊ ကော်ကပ်၊ ချောင်းစောင့်၊ ဇီးပြောင်း (၆) ရွာအပါအဝင် ကျေးရွာပေါင်း (၁၅) ရွာလောက်က ဒေသခံ (၂၀၀၀၀) နီးပါး တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။