29 October 2026 4:40 PM

⁨ဆယ်ကျော်သက်တွေ သမီးရည်စားကိစ္စ ရန်ငြိုးကြောင့် ဘုရားပွဲသွားရင်း ခိုက်ရန်ဖြစ် ၁ ဦးသေ ၃ ဦးဒဏ်ရာရ

0 1
0 1

ဂန့်ဂေါ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဘုရားပွဲသွားရင်း သမီးရည်စားကိစ္စနဲ့ စကားများရန်ဖြစ်ထားတဲ့ လူငယ်တွေဆုံပြီး ခိုက်ရန်ဖြစ်ပွးရာ ၁၅ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်က ဂန့်ဂေါမြို့နယ် လယ်မကျေးရွာက မောင်လမင်းခန့်နဲ့ သူငယ်ချင်း ၅ ဦးတို့ မဲနတ်တောင်ဘုရားပွဲကိုသွားရင်း မဲရွာအနီးမှာ သမီးရည်းစားကိစ္စနဲ့ စကားများဖူးတဲ့ မဲရွာသား မောင်နေမျိုးသူတို့အုပ်စုရောက်လာပြီး စကားများရန်ဖြစ်ကြခဲ့ကြတာ ဖြစ်ပါတယ်။

လယ်မရွာသား မောင်လမင်းခန့်နဲ့ မဲရွာသား မောင်နေမျိုးသူတို့ဟာ သမီးရည်းစားကိစ္စ စကားများထားကြသူတွေဖြစ်ပြီး၊ ဘုရားပွဲအသွား မဲရွာအနီးမှာ ခိုက်ရန်ဖြစ်ပွါးခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ပွဲအတွင်းမှာ မဲရွာသား မောင်နေမျိုးသူနဲ့ ချိုတူးဆိုသူ လူငယ် ၂ ဦးဟာ သူတို့ပါလာတဲ့ ဓားတွေနဲ့ ထိုးလိုက်လို့ လယ်မရွာသားတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်သျှားချစ်မှာ အဆုတ်ထိပြီး သေဆုံးခဲ့ရသလို အသက် ၁၆ ကနေ ၂၀ ကြားအရွယ်ရှိ မောင်နေတိုးအပါအဝင် ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ခုသေတဲ့ကလေးက ရန်ဖြစ်တဲ့အခါမှာ ကြောက်ပြီးဘေးမှာ ထိုင်နေတာကို ဓားထိုးခံရတာ။ ကျန်တဲ့ကလေးတွေကလည်း ထိုးကျကြိတ်ကြရင်း ဓားထိုးခဲ့ရပြီး ဒဏ်ရာရတာရှိတယ်။ နောက်တယောက်ဆိုလည်း ဒဏ်ရာများတယ်။ ဆေးရုံပို့ထားရတယ်။ နောက်နှစ်ယောက်ကတော့ အနည်းအကျဉ်းလောက်ထိထားတာ”လို့ လယ်မရွာခံတဦးက ပြောပါတယ်။

ရန်ပွဲမှာ ပါဝင်သူတွေကို ကျေးရွာတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးပြီးနောက် ဓားထိုးမှုကျူးလွန်သူ အသက် ၂၀ အရွယ် မောင်နေမျိုးသူနဲ့ ချိုတူးတို့ ၂ ဦးကိုတော့ မြို့နယ်ပလဖအဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

သေဆုံးသူ လူငယ်ရဲ့ နာရေးကိုတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျေးရွာသုသာန်မှာပင် သဂြိုလ်လိုက်ပြီး ပလဖ ဖမ်းဆီးထားသူ ၂ ဦးကိုတော့စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။