စဥ့်ကူးနယ်မှာ ဒရုန်းဗုံးထိမှန်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

0 3
0 3

စဥ့်ကူး၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ စဥ့်အိုးကျွန်းကျေးရွာမှာ ဒရုန်းဗုံးထိမှန်လို့ ပြည်သူ (၃) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၆) နာရီကျော်ခန့်က ရွှေဘယက်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး ကျေးရွာထဲကို ဗုံးနှစ်ကြိမ်ကြဲချသွားတယ်လို့ ဆိုပါတယ်။

“သူတို့နေတဲ့ တဲနားနဲ့ တဲပေါ်ကို ဗုံးသီးကျကွဲပြီး ထိခိုက်သေဆုံးတာ။ နေရာမှာတင် (၃) ဦးသေတယ်။ အမျိုးသားတဦးဆို မျက်နှာတခြမ်းကြေသွားတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းတိုက်ခိုက်ခံရတဲ့နေရာက တိုက်ပွဲမရှိသလို တော်လှန်ရေးအဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားတဲ့နေရာလည်းမဟုတ်ပဲ ​ဒေသခံတွေ လယ်ယာစိုက်ပျိုးလုပ်စားနေထိုင်တဲ့ တောတိုက်လေးတွေဖြစ်တယ်လို့ ဆို​ပါတယ်။

ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၃၀) အရွယ်နဲ့ (၅၀) အရွယ် အမျိုးသား (၂) ဦး၊ အသက် (၄၈) နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့နေရာမှာပင် သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက် (၅) နှစ်အရွယ် ယောက်ျားလေး (၁) ဦးနဲ့ အမျိုးသမီး (၄) ဦးလည်း ဒဏ်ရာရပြီး တဲ (၃) လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလယ်ကျွန်း၊ မိုးကြိုးနဲ့ အိုင့်ဒိုင်ကျေးရွာတို့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၂) ဦးသေဆုံးကာ (၇) ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – စိုးဦး

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။