စစ်တပ်က တနေ့တည်း လေကြောင်းက (၂) ကြိမ်ဗုံးကြဲလို့ ကလေး(၂) ဦးအပါ (၃) ဦးသေဆုံး

0 0
0 0

ပေါင်းတည်၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်တပ်က တနေ့တည်းလေကြောင်းက (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် (၂) ဦးနဲ့ အမျိုးသား (၁) ဦးအပါ (၃) ဦးသေဆုံးခဲ့သလို နေအိမ် (၄) လုံးလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ (၁၅) ရက် နံနက် (၁၁) နာရီဝန်းကျင်က ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာနဲ့ ကြာနီကန်အုပ်စုအပိုင် ခုတ်ကြီးရွာကို ညနေ (၃) နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

တောင်ခမောက်ရွာနဲ့ ပေါက်ပင်ကွင်းရွာအနီးကို ဂျက်လေယာဉ်နဲ့ဗုံးကြဲခဲ့သလို စက်လတ်နဲ့ပါပစ်ခတ်လို့ တောင်ခမောက်ရွာက နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ပုံစာ – သေဆုံးသူများနှင့် ပျက်စီးခဲ့သည့်နေအိမ်များ။

“တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ပြည်သူ့အိမ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိကြဲချတာပါ၊ ခုတ်ကြီးမှာ တအိမ်ထဲကသုံးဦးသေတယ်ပဲ ကြားရတာ သူတို့သုံးဦးဘာတော်လဲတော့ အသေးစိတ်ကမသိရဘူး”လို့ ကြာနီကန်ဒေသခံတဦးက ပြောပါတယ်။

အလားတူ ခုတ်ကြီးရွာကို အင်းမ (၆၆) ကလာတဲ့ ပါရာမော်တာ (၂) စီးနဲ့ ဗုံး (၆) လုံးကြဲချလို့ (၁) နှစ်ခွဲအရွယ် မိန်းကလေးငယ် (၁) ဦး၊ (၈) နှစ်အရွယ် ယောက်ျားကလေး (၁) ဦးနဲ့ အသက်(၅၀) ဝန်းကျင် အမျိုးသား (၁) ဦး သေဆုံးပြီး နေအိမ်လည်းပျက်စီးခဲ့တာပါ။

“၂ စီးလာပြီး တခါချ ၃ လုံးနဲ့ ၂ ခါချသွားတာ။ ပြည်သူတွေနေအိမ်ပေါ်ကျတာ။ သူတို့တွေ ယာတဲတွေမှာနေပြီး လုပ်ကိုင်စားသောက်နေထိုင်ကြတဲ့သူတွေ။ သေတာ ကလေးတွေလည်းပါတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တောင်ခမောက်ရွာထဲကို ဗုံးကြဲပြီး စက်လတ်နဲ့ပစ်တာမှာတော့ နေအိမ် (၃) လုံးပျက်စီးမှုရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ တောင်ခမောက်ရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပုံစာ – သေဆုံးသူများနှင့် ပျက်စီးခဲ့သည့်နေအိမ်များ။
ပုံစာ – သေဆုံးသူများနှင့် ပျက်စီးခဲ့သည့်နေအိမ်များ။

အောက်တိုဘာလဆန်းထဲမှာတော့ ပေါင်းတည်မြို့နယ်အပိုင် ပဲခူးရိုးမအစပ်က သဲမဲရွာနဲ့ ဖောင်အိုင်ရွာကြားမှာ စစ်တပ်စစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ဗုံးကြဲခံရလို့ သေဆုံးမှုတွေရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ (၃၀) ရက်ညနေကလည်း စစ်ကော်မရှင်တပ်ဟာ ပေါင်းတည်မြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်က သီရိမြိုင်ရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် (၁၃) နှစ်အရွယ်ယောက်ျားလေးတဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးလောက်ဒဏ်ရာရခဲ့ ပါသေးတယ်။

သတင်း- သော်တာအောင်၊ ကျော်ကြီး၊ စာတည်း-စိုးဦး

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။