myaelatt athan

Sharing Information to the Local

One Friday Fights ရာပြည့်ပွဲမှာ ထိုင်းဖိုက်တာနဲ့ထိုးသတ်မယ့် စူပါရေချမ်း(အားကစားသတင်း)

0
0

မြေလတ်အသံ၊ မတ် ၁၄၊ ၂၀၂၅။

မတ် ၁၄ ရက် ဒီနေ့ညမှာကျင်းပသွားမယ့် One Friday Fights 100 ပြိုင်ပွဲမှာ စူပါရေချမ်းဟာ ထိုင်းဖိုက်တာ ဆန်ဂါသစ်နဲ့ ကစ်ဘောက်ဆင်ပွဲယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ One Friday Fights ပွဲစဉ်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်ပြီး ပွဲကောင်းတွေများစွာထည့်သွင်းကျင်းပထားတာလည်း တွေ့ရပါတယ်။ 

စူပါရေချမ်းနဲ့ယှဉ်ပြိုင်ထိုးသတ်မယ့် ဆန်ဂါသစ်ဟာ ONE ရဲ့ထိပ်တန်းကစားသမားတဦးဖြစ်တဲ့ မွေထိုင်း ဖလိုင်းဝိတ်တန်းချန်ပီယံဟောင်း ရော့ထန်ရဲ့ယောက်ဖဖြစ်ပြီး WBA ASIA လိုက်ဝယ်တာဝိတ်တန်း ချန်ပီယံဖြစ်ခဲ့ဖူးကာ ONE ရဲ့ခေါ်ယူပြီးတဲ့နောက် ကစ်ဘောက်ဆင်ထိုးသတ်ဖို့ ပြောင်းလဲလေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဘောက်ဆင်သမားဖြစ်တာနဲ့အညီ လက်သီးထိုးချက်တွေကောင်းမွန်သလို မွေထိုင်းမျိုးရိုးဝန်းရံမှုရှိနေတာကြောင့်လည်း ကစ်ဘောက်ဆင်ပြောင်းလဲကစားရာမှာ အခက်အခဲနည်းမယ်လို့ ထင်ပါတယ်။ 

အားနည်းချက်အနေနဲ့ ကစားပွဲတွေနဲ့ ၂ နှစ်နီးပါးဝေးကွာနေတာရှိပြီး ဘောက်ဆင်မှာ ဆရာကျခဲ့တဲ့ ဆန်ဂါသစ်တစ်ယောက် ကစ်ဘောက်ဆင်ခေါင်းစဉ်အောက်မှာရော ဘယ်လောက်အသားကျအောင် ပြင်ဆင်လာနိုင်မလဲကြည့်ရပါမယ်။ 

စူပါရေချမ်းကတော့ ONE မှာထိုးသတ်ခဲ့တဲ့ ၂ ပွဲစလုံးအကောင်းဆုံးစွမ်းဆောင်ပြနိုင်ပြီး ပထမပွဲစဉ်မှာ အသာစီးထိုးသတ်ခဲ့ပေမယ့် အမှတ်နဲ့ရှုံးနိမ့်ခဲ့သလို ဒုတိယပွဲစဉ်မှာလည်း အလဲထိုးနဲ့အနိုင်ရပေမယ့် ဘောနပ်စ်ဆုမရခဲ့ပါဘူး။ ၂ ပွဲစလုံးမှာ နစ်နာမှုရှိခဲ့ပေမယ့် ဒီပွဲမှာအနိုင်ရရင်တော့ ဘောနပ်စ်အပြင် ONE ရဲ့ စောင့်ကြည့်စာရင်းထဲဝင်ရောက်သွားနိုင်မှာ သေချာပါတယ်။ 

စူပါရေချမ်းဟာ ကစ်ဘောက်ဆင်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် လက်ဝှေ့အိတ်အပြောင်းအလဲကို အသားကျဖို့ကြိုးစားရမှာဖြစ်သလို တံတောင်ရိုက်တာ၊ ကန်ခြေကိုဖမ်းဆွဲတာမျိုး၊ လူချင်းပူးချိန် ချုပ်ဖို့ကြိုးစားမိတာမျိုးတွေ မလုပ်မိအောင်ထိန်းရဦးမှာ ဖြစ်ပါတယ်။ 

စူပါရေချမ်းရဲ့အားသာချက်ဖြစ်တဲ့ လက်သီးတွဲလုံးတွေကို ကစ်ဘောက်ဆင်စနစ်အောက်မှာလည်း အကောင်းဆုံးအသုံးချနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို ဘောက်ဆင်သမားနဲ့ယှဉ်ရမယ့် ဒီပွဲမှာ ခြေကန်ချက်တွေလည်း ဒီထက်ကောင်းမွန်အောင် အားထုတ်ရဦးမှာဖြစ်ပါတယ်။ 

ဘောက်ဆင်ကနေ ကစ်ဘောက်ဆင်နည်းစနစ်နဲ့ ပြောင်းလဲကစားမယ့် ဆန်ဂါသစ်နဲ့ မြန်မာ့လက်ဝှေ့၊ မွေထိုင်းတို့ကနေ ကစ်ဘောက်ဆင်နည်းစနစ်နဲ့ ပြောင်းလဲကစားမယ့် စူပါရေချမ်းတို့ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာ ဒီနေ့ညမှာ ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ 

Photo – onefc

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။