အထွေထွေအကျပ်အတည်းတွေကြောင့် အဆင့်မြင့်ပညာသင်ယူခွင့် ဆုံးရှုံးနေရဟု ယောဒေသ ကျောင်းသားထုပြော

0 1
0 1

မြေလတ်အသံ၊ အောက်တိုဘာ ၇၊ ၂၀၂၆။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယောဒေသမှာ ပညာရေးဆိုင်ရာ မရေရာမှုတွေနဲ့ စီးပွားရေးအကျပ်အတည်း စတဲ့အထွေထွေအကျပ်အတည်းတွေကြောင့် ကျောင်းသားလူငယ်တွေရဲ့ အဆင့်မြင့်ပညာသင်ယူခွင့် ဆုံးရှုံးနေရတယ်လို့ ယောဒေသတွင်းကျောင်းသားတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ယောဒေသမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံမဟုတ်တဲ့ ပြည်သူ့အခြေပြု အခြေခံပညာအထက်တန်းအထိ ကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် အထက်တန်းအောင်ပြီးတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဆက်တက်ဖို့ အခွင့်အရေး နည်းပါးနေတယ်လို့ ကျောင်းသူတဦးက ဆိုပါတယ်။

“ပညာရေး အခွင့်အရေးမရှိတာ။ ၁၂ တန်း အောင်ပြီးရင်လည်း ဘာလုပ်ရမယ်ဆိုတာ ရေရေရာရာသေသေချာချာမရှိဘူး။ ကရင်နီဒေသကိုသွားပြီး ကျောင်းဆက်တက်ရမယ်ဆိုပြန်တော့လည်း လိုက်ပို့မယ့်သူ မရှိဘူး။ ပြီးရင် မိဘတွေက စိတ်မချကြဘူး။ ၆ နှစ် ၇ နှစ်တက်ရမှာဆိုတော့ အဲ့လိုကျောင်းတက်ပြီး အချိန်ဖြုန်းနေမယ့်အစား နိုင်ငံခြားထွက်ပြီး မိသားစုအတွက် ပိုက်ဆံရှာကြတော့တာ” လို့ ၁၂ တန်း အောင်မြင်ထားတဲ့ ကျောင်းသူတဦးက ပြောပါတယ်။

ဒါ့အပြင် ယောဒေသမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လိုအပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် မိသားစုစီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့်လည်း ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေရတယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။

“အာဏာမသိမ်းခင်ကတော့ တောင်ယာလုပ်ကြတာပေါ့။ အဲ့အချိန်တုန်းက တောင်သူလယ်သမားတွေအတွက် စားပျော်သောက်ပျော်တယ်လေ။ ဝမ်းစာရေး ဖူလုံတယ်။ ဈေးနှုန်းကလည်း သင့်တယ်။ လမ်းကြောတွေကလည်း ကောင်းတော့ ကိုယ်တိုင်မြို့ပေါ်တက်ပြီး စပါး၊ နှမ်းစတဲ့ ကောက်ပဲသီးနှံတွေကို ပွဲစားမလိုဘဲ ရောင်းရတော့ အမြတ်ကျန်တာပေါ့။ အခုချိန်ကတော့ အ,သူခံ၊ လည်သူ စားတမ်းပေါ့။ ခေတ်ပျက်နေချိန် စီးပွားရေး လုပ်တတ်တဲ့သူတွေအတွက်ကတော့ ဝင်ငွေကောင်းကြတာပေါ့။ လက်လုပ်လက်စား တောင်သူတွေအတွက်ကတော့ ရေတိမ်မှာ နစ်နေသလိုပါ။” လို့ ကျောင်းသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ယောဒေသရဲ့ အဓိက ကုန်စည်ကူးသန်းရာမြို့တွေဖြစ်တဲ့ ဆော၊ ကျော၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ထီးလင်းမြို့နယ်စတဲ့ မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေ အထိုင်ချတပ်စွဲထားတဲ့အပြင် လုံခြုံရေးကိုအကြောင်းပြပြီး ခရီးသွားပြည်သူတွေကို ဖမ်းဆီနှိပ်စက်တာ၊ အဓမ္မငွေကြေးတောင်ခံတာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း စီးပွားရေးအကျပ်အတည်းကို ၅ နှစ်ကျော်ကြာ ရင်ဆိုင်နေရတာလို့ ယောဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ယောဒေသမှာ နှစ်စဥ်အလိုက် ပြည်သူ့အခြေပြုကျောင်းသားနဲ့ ကျောင်အရေအတွက်ကတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က ၈၄ ကျောင်းနဲ့ ကျောင်းသားပေါင်း ၁၂,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က ကျောင်းပေါင်း ၈၉ ကျောင်းနဲ့ ကျောင်းသား ပေါင်း ၁၃,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က ကျောင်းပေါင်း ၉၆ ကျောင်းနဲ့ ကျောင်းသားပေါင်း ၁၃,၀၀၀ ကျော်နဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်က ကျောင်းပေါင်း ၉၈ ကျောင်းနဲ့ ကျောင်းသားပေါင်း ၁၅,၀၀၀ ကျော်ဖြစ်ပြီး လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ ကျောင်းပေါင်း ၁၀၀ နဲ့ ကျောင်းသားပေါင်း ၁၄,၀၀၀ ကျော် တက်ရောက်နေကြတယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံက သိရပါတယ်။

နှစ်စဥ်အလိုက် ဒသမတန်းအောင်မြင့်သူ အရေအတွက်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စနစ်ဟောင်းနဲ့ ဖြေဆိုခဲ့တဲ့နှစ်မှာ ကျောင်းသား ၇၀၀ ကျော် အောင်မြင်ခဲ့ပြီး၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် စနစ်သစ်မှာတော့ ဒသမတန်း ကျောင်းသား ၆၀၀ အောင်မြင်ခဲ့ကာ ၂၀၂၃-၂၀၂၄ မှာ ကျောင်းသားပေါင်း ၆၀၀ ခန့်အောင်မြင်ခဲ့သလို၊ ၁၂ တန်းဖြေဆိုခွင့် စတင်ခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားပေါင်း ၅၀၀ ခန့် အောင်မြင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအပြင် ဂန့်ဂေါမြို့နယ်ထဲမှာလည်း အာဏာသိမ်းစစ်တပ် လက်အောက်ခံ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းလွန် ၄ နဲ့ကျောင်းရှိသလို ကျောမြို့နယ်မှာလည်း အထက်တန်းကျောင်း ၁ ကျောင်း၊ နုံးကြီးကျေးရွာ မှာ အလယ်တန်းကျောင်း ၁ ကျောင်း၊ မြောက်ခင်ရမ်းနဲ့ ဟံသာဝတီစတဲ့ ကျေးရွာတွေမှာလည်း ကျောင်းတွေဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

အဲဒီ အာဏာသိမ်းစစ်တပ် လက်အောက်ခံကျောင်းတွေမှာ ကျောင်းသားပေါင်း ၁ သောင်းခန့် ပညာသင်ကြားနေပြီး ပြည်သူ့အခြေပြုကျောင်းတွေမှာ အထက်တန်းအောင်ကျောင်းသားဦးရေကတော့ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။

ကျောင်းသားတွေအတွက် ပညာသင်ယူခွင့် ခက်ခဲနေသလို့ ယော​ဒေသမှာ အခြေခံပညာကျောင်းသားတွေကို ပညာသင်ကြားပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေအတွက်လည်း ထောက်ပံ့ငွေ မရတာ၊ လုပ်ခလစာ နည်းပါးတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။