ကပစ – ၁၆ ကို ကာကွယ်ဖို့စစ်တပ်က ရွာတွေကိုပိတ်ဆို့ မီးရှို့နေလို့ ဒေသခံတွေ အစားအစာနဲ့ဆေးဝါးပြတ်လပ်

0 6
0 6

​ပန်းတောင်း၊ အောက်တိုဘာ ၇၊ ၂၀၂၆။

​ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)ကို အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ စီးနင်းမရအောင် စစ်တပ်ဘက်က အနီးဝန်းကျင်ရွာတွေကို ပိတ်ဆို့ထားလို့ ဒေသခံတွေ စားဝတ်နေရေးနဲ့ ဆေးဝါးပြတ်လပ်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်တပ်ဘက်က မေလမှစတင်ကာ ဒီကနေ့ အောက်တိုဘာ (၇)ရက်နေ့အထိ မသုန်ရွာအပါအဝင် ကပစ (၁၆) အဝင်ဝတစ်လျှောက်မှာ အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်ထားတယ်လို့ ပန်းတောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

​“ရွာပြင် လုံးဝထွက်ခွင့် မရတာ လတော်တော်ကြာပြီ။ လက်လုပ်လက်စားတွေဆိုတော့ အလုပ်လည်း လုပ်လို့မရ၊ ရိက္ခာဝယ်လို့လည်း မရတော့ ရွာထဲမှာ အတော်လေး ငတ်မွတ်နေကြပြီ။ ဖျားနာသူတွေလည်း ဆေးဝါးပြတ်လပ်နေတယ် “လို့ ပြောပါတယ်။

စက်ရုံအနီးမှာရှိတဲ့ မသုန်ရွာ၊ ကျားခြေရာရွာ၊ ကျောက်ဇကွဲရွာ အပါအဝင် ကျေးရွာတွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့် ပိတ်ထားတဲ့အပြင် အဝင်၊ အထွက် လမ်းကြောင်းအားလုံးကိုပါ တင်းကျပ်စွာ ပိတ်ဆို့ထားတာကြောင့် အဲဒီကျေးရွာတွေက လက်လုပ်လက်စား ဒေသခံတွေ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။

ဒါ့အပြင် ​အာဏာသိမ်းစစ်တပ်ဟာ AA တပ်ဖွဲ့တွေ ချဉ်းကပ်လာရင် အဝေးကနေ လှမ်းမြင်နိုင်ဖို့အတွက် မသုန်ရွာပတ်ပတ်လည်မှာရှိတဲ့ တောတောင်တွေကို စက်တင်ဘာ (၂၀) ရက်နေ့မှာ ဒရုန်းနဲ့ ဓာတ်ဆီပုလင်းတွေ၊ ဗုံးတွေချပြီး တမင်မီးရှို့ရှင်းလင်းထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ မသုန်ရွာထဲနဲ့ အနီးဝန်းကျင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေတာကြောင့် ရွာသားအများစုဟာ စစ်ဘေးလွတ်ရာ တောတောင်တွေနဲ့ အခြားမြို့ပြတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့(စစ်တပ်)ရဲ့ ထောက်ပို့စစ်ကြောင်းတွေ ရှေ့မှာ မရှုမလှခံလိုက်ရတော့ အခု ကပစ(၁၆)ကို လုံးဝ မပြုတ်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်နေတာ။ ရွာတွေကို ပိတ်ထားတာရော၊ တောတောင်တွေကို မီးရှို့တာရော။အဲ့လို သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေကို ဒုက္ခပေးပြီး ကာကွယ်နေတာပါ။ ဒါပေမဲ့ ကပစ (၁၆) စက်ရုံကြီးတစ်ခုလုံးကို စီးနင်းနိုင်ဖို့ ကျနော်တို့ဘက်က ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

​ရခိုင်ရိုးမအောက်ခြေ မသုန်ရွာအနီးမှာရှိတဲ့ ကပစ(၁၆)ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အဓိကယမ်းချက်စက်ရုံဖြစ်ပြီး ဗုံးသီးနဲ့ ခဲယမ်းအမျိုးမျိုး ထုတ်လုပ်ဖို့အဓိကချက်တဲ့ စက်ရုံတစ်ရုံဖြစ်ကာ ပြီးခဲ့တဲ့မေလ (၁) ရက်နေ့မှာ ဒီကပစ (၁၆) စက်ရုံအတွင်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

​စစ်ရေးသတင်းရင်းမြစ်တွေကတော့ AA နဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီ ဗျူဟာမြောက်စခန်းကုန်းတွေကို သိမ်းပိုက်ပြီးနောက် ကပစ (၁၆) စက်ရုံကြီးတစ်ခုလုံးကို အပြီးသတ်စီးနင်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း စက်ရုံလက်မလွှတ်ရရေးအတွက် အလုံးအရင်းနဲ့ ကာကွယ်နေရတာကြောင့် ပန်းတောင်းစစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဦးမယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

အာရက္ခတပ်တော်(AA) ဟာ ရခိုင်နဲ့ ပဲခူးတိုင်းအစပ် တောင်ကုတ်-ပန်းတောင်း လမ်းပေါ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အရေးပါတဲ့ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဧပြီ (၂) ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့သလို၊ အဲဒီလမ်းပေါ်က အဓိက စစ်ရေးဗျူဟာမြောက် ၆၆၆ ပွိုင့်ကုန်းကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက် ရရှိခဲ့ပါတယ်။

သတင်း – မြတ်ထွန်း၊ စာတည်း-စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။