5 October 2026 6:28 PM

⁨စားအုန်းဆီတင်သွင်းခွင့် ကန့်သတ်လိုက်လို့ ပြည်တွင်းမှာ ပဲနဲ့နှမ်းအဝယ်လိုက်ကာ ပဲဆီ၊နှမ်းဆီ အရောင်းသွက်သော်လည်း ကုန်းကြမ်းပြတ်လပ်မှုတွေ ကြုံတွေ့နေရ (ရုပ်/သံ)

0 0
0 0

မြေလတ်အသံ၊ အောက်တိုဘာ ၅ ၂၀၂၆။

နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချချင်လို့ ပြည်ပကတင်သွင်းနေတဲ့ စားအုန်းဆီတင်သွင်းမှုကို ကန့်သတ်လိုက်တဲ့အတွက် စာအုံးဆီ ၁ ပိဿာကို ကျပ် ၂ သောင်းကျော် မြင့်တက်လာတာကြောင့် ပြည်တွင်းထုတ် ပဲဆီနှင့် နှမ်းဆီ ဝယ်လိုအားမြင့်တက်လာပြီး ပဲနဲ့ နှမ်းကုန်ကြမ်း စျေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စားအုန်းဆီတင်သွင်းမှုလျှော့ချလိုက်တာကြောင့် ပြည်တွင်းထုတ်ကုန်တွေ ရောင်းအဝယ်သွက်လာပြီး ပြည်တွင်းလုပ်ငန်းရှင်တွေ အလုပ်ဖြစ်လာတယ်လို့ မြေလတ်ဒေသက ဆီစက်လုပ်ငန်းရှင် တဦးကပြောပါတယ်။

“ဒီနှစ်မှာမှ စားအုန်းဆီစျေးကြီးလို့ နှမ်းဆီစားကြတာကိုး၊ စားအုန်းဆီကတော့ အဝယ်ကတော့တက်မှာပဲလေ နိုင်ငံတော်ရဲ့လမ်းစဥ်ကိုက ကျနော်တို့ရဲ့ ပြည်တွင်းကုန်စည်တွေ များများထုတ်လုပ်ဖို့အတွက် လုပ်ပေးထားတာပဲ နိုင်ငံခြားငွေ လျော့ချတဲ့ သဘောပေါ့ဗျာ၊ ကျနော်တို့ ဆီစက်လောက ဆီစက်သမားလေးတွေအတွက် ပိုပြီးအဆင်ပြေလာတာပေါ့ဗျာ။ ကျနော်တို့ ဆီများများရောင်းရတာပေါ့” လို့ ဆီစက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်ကစတင်ပြီး ပြည်တွင်း စားအုန်းဆီစျေးနှုန်းမှာ ၁ ပိဿာကို ကျပ် ၂ သောင်းကျော်အထိ မြင့်တက်ခဲ့ပြီး ပဲခူးတိုင်းအတွင်း ၁ ပိဿာ ကျပ် ၂၂၀၀၀ အထိပေးဝယ်နေရတယ်လို့ ပြည်မြို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်မှာတော့ စားအုန်းဆီ ၁ ပိဿာကို ၂၂၀၀၀ နဲ့ ဝယ်ချင်တိုင်းတောင် ဝယ်မရဘူး၊ အစိုးရ ခွဲတမ်းနဲ့ပေးတဲ့ဟာကလည်း မြင်တောင်မမြင်ရပါဘူး၊ ပဲဆီကလည်း နှစ်သောင်းခွဲအထက် ဖြစ်နေပြီ၊ နှမ်းဆီလည်းစျေးတက်နေတော့ ဆီကိစ္စက အတော်ဒုက္ခရောက်နေကြတယ်” လို့ ပြည်မြို့ ဒေသခံတဦးကပြောပါတယ်။

တရုတ်နိုင်ငံထုတ် ဆီကြိတ်စက်တွေ အများအပြားဝင်ရောက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်စတင်ပြီး ပြည်တွင်းမှာ တပိုင်တနိုင်ဆီစက်လုပ်ငန်းလုပ်ကိုင်သူတွေများလာသလို ပြည်တွင်းမှာ ပဲနဲ့နှမ်းက ဝယ်လိုအားအရမ်းများတာကြောင့် ကုန်ကြမ်းပြတ်လပ်မယ့် အခြေအနေကြုံတွေ့နေရတယ်လို့ ပခုက္ကူမြို့နယ် ဆီစက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အကျိုးအမြတ်ကတော့ ဘယ်ကောင်းမလဲ ကျနော်တို့ ကုန်ထုတ်လုပ်ရေးက အဝယ်ချိုမှ အရောင်းချိုမှာကို အကျိုးအမြတ်က မရှိပါဘူး အခုရက်က စျေးအတက်အကျနဲ့ မှန်းရခက်ပါတယ်။ အဓိက ဝယ်လိုအားများသွားလို့ပေါ့ဗျာ လုပ်ငန်းလုပ်တဲ့လူတွေ ပေါသွားလို့ထင်ပါတယ်၊ ကျနော်တို့အမြင်သုံးသပ်တာပေါ့၊ ဒီနှစ်ကလည်း ဒီဆီစက်လုပ်ငန်းလုပ်တဲ့ လူတွေများသွားတဲ့သဘောလေ ဦးရေများလာတဲ့ သဘောပေ့ါဗျာ” လို့ ဆီစက်လုပ်ငန်းရှင်က ဆိုပါတယ်။

ယခုနှစ် မြေပဲစျေးမှာ ၁၂၀၀၀၊ ၁၃၀၀၀ ကျပ် စျေးရှိပြီး၊ အရင်နှစ်က ကျပ်ငွေ ၁ သောင်းခန့်ပေးရတဲ့ ရောနှမ်းအမျိုးအစားကို ၁၆၅၀၀ ကျပ်ပေးဝယ်နေရကာ မြေပဲ တတင်းကို ဆီ ၇ ပိဿာခန့်ထွက်ရှိပြီး နှမ်းတတင်းကို ဆီ ၆ ပိဿာခန့်ထွက်ရှိတယ်လို့ သိရတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။